နေပြည်တော် မတ် ၂၅
နေပြည်တော် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ ပျဉ်းမနားမြို့နယ်၊ သစ်လေးလုံးကျေးရွာအုပ်စု၊ ပုရွက်ဆိတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက် သင်တန်းဆင်းပွဲကို မတ် ၂၅ ရက် နံနက်ပိုင်းက ပုရွက်ဆိတ်ကုန်း ကျေးရွာရှိ ရွာဉီးဘုန်းတော် ကြီးကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် “မိမိတို့အနေဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိကြောင်း၊ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သင်တန်းသူများ အနေဖြင့် သင်တန်းက သင်ကြားပို့ချပေးခဲ့သည့် ပညာရပ်များကို ဆက်လက် လေ့လာဆည်းပူး အသုံးချစေလိုကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာတစ်ခု တတ်မြောက်ခဲ့သဖြင့် လက်တွေ့ နယ်ပယ်တွင် တတ်မြောက်ခဲ့သည့် ပညာများနှင့် အလုပ်အကိုင်များရရှိပြီး မိသားစုဝင်ငွေများ တိုးပွားအောင် ဆောင်ရွက်စေလိုကြောင်း”ဖြင့် ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးဇေယျာလင်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းတို့က သင်တန်းဆင်းလက်မှတ်များ ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူနှစ်ဦးက လက်ခံရယူကြပြီး ကျေးရွာရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်နှင့် တာဝန်ရှိသူများက အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် သင်တန်းသူများ လက်တွေ့ချုပ်ထားသည့် အဝတ်အထည်များကို လှည့်လည်ကြည့်ရှု အားပေးပြီး သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကား ပြောကြားသည်။
အဆိုပါသင်တန်းသို့ သစ်လေးလုံးကျေးရွာအုပ်စုရှိ ကျေးရွာမှ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက်ခဲ့ပြီး အဆင့်မြင့် အပ်ချုပ်စက်သင်တန်းတွင် ရှပ်အင်္ကျီချုပ်နည်း၊ သုံးလွှာစက်ချုပ်နည်း၊ လေးလွှာစက်ချုပ်နည်း၊ ရင်ဖုံးဖြတ်စက်၊ နောက်တွဲ၊ လက်မောင်း၊ လုံးကွက်အင်္ကျီသင်ကြားခြင်း၊ သင်္ဘောသားလျှာသင်ကြားခြင်း၊ ဖောက်အိတ်ကပ် သင်ကြားခြင်းနှင့် 3 MIN၊ 4 MIN သင်ကြားခြင်း စုစုပေါင်း ခုနစ်မျိုးကို တစ်လကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇော်ဖြိုး(ပြန်/ဆက်


