မြိတ် မတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မြိတ်အကျဉ်းထောင်ရှိ အချုပ်သူနှင့် အကျဉ်းသူများတွင် မသန်စွမ်း အမျိုးသမီးများ ရှိ၊ မရှိနှင့် ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများရရှိမှု ရှိ၊ မရှိကို မတ် ၂၅ ရက် နံနက်ပိုင်းက မြိတ်အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။
ရှေးဦးစွာ အကျဉ်းဦးစီးဌာန ရိပ်သာခန်းမတွင် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက သိလိုသည်များ မေးမြန်းရာ မြိတ်အကျဉ်းထောင် တာဝန်ခံအရာရှိက အကျဉ်းသူများ၏ ရပိုင်ခွင့် အခွင့်အရေးများ ဆောင်ရွက်ပေးနေမှုနှင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးနေမှုများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြိတ်အကျဉ်းထောင်ရှိ အမျိုးသမီး ဆောင်တွင် မသန်စွမ်းအမျိုးသမီးများ၊ ကိုယ်ဝန်ဆောင်အမျိုးသမီး၊ ရင်ခွင်ပိုက်ကလေးများရှိ မရှိနှင့် ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများရရှိမှု ရှိ၊ မရှိ သွားရောက်ကြည့်ရှုစစ်ဆေးပြီး အကျဉ်းထောင် အတွင်း သိုးမွေးထိုးသင်တန်း၊ ပန်းကြယ်သီးထိုးသင်တန်း၊ အင်္ဂလိပ်စကားပြောသင်တန်းနှင့် အပ်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး(ပြန်/ဆက်)


