မုံရွာ မတ် ၂၅
(၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်၊ ရေကူးကန်လမ်း အပိုင်း(၁) နိုင်လွန်ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို မတ် ၂၅ ရက် နံနက်ပိုင်းက မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ အဆိုပါလမ်း ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး / ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က နိုင်လွန်ကတ္တရာလမ်းနှင့် ပတ်သက်သည့် အချက်များအား ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဝန်ကြီးချုပ်၊ တိုင်းမှူး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီး စည်ပင်သာယာ ရေးအဖွဲ့ ညွှန်ကြားရေးမှူးတို့က နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် စစ်ပင်ရပ်ကွက်ရှိ ကုက္ကိုလ်တန်းလမ်း နိုင်လွန်ကတ္တရာလမ်း ဖွင့်ပွဲသို့ တက်ရောက်ရာ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက နိုင်လွန်ကတ္တရာလမ်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ နိုင်လွန်ကတ္တရာလမ်းအား လိုက်လံကြည့်ရှု စစ်ဆေးကြသည်။
အဆိုပါ ချမ်းမြဝတီရပ်ကွက်ရှိ၊ ရေကူးကန်လမ်း အပိုင်း(၁) နိုင်လွန်ကတ္တရာလမ်းသည် တိုင်းဒေသကြီး အထွေထွေ ပိုလျှံရန်ပုံငွေ ကျပ် ၂၈၀ ဒသမ ၈ သန်းဖြင့် အရှည် ပေ ၃၈၀၀၊ အကျယ် ပေ ၂၀၊ ၃ လက်မခွဲထု ခင်းခဲ့ခြင်းဖြစ်ပြီး စစ်ပင်ရပ်ကွက်ရှိ၊ ကုက္ကိုလ်တန်း နိုင်လွန်ကတ္တရာလမ်းသည် တိုင်းဒေသကြီး အထွေထွေပိုလျှံရန်ပုံငွေ ကျပ် ၁၀၈ ဒသမ ၂၂ သန်းဖြင့် အရှည် ပေ ၂၀၀၀၊ အကျယ် ၁၆ ပေ၊ ထု ၃ လက်မခွဲခင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


