ကဘူးလ် မတ် ၂၆
အမေရိကန်ပြည်ထောင်စုနှင့် အခြားသော အနောက်နိုင်ငံများသည် အာဖဂန်နစ္စတန်၌ မိန်းကလေးကျောင်းများ ပြန်ဖွင့်ပြီးနောက်မကြာမီ ပြန်ပိတ်ရန် ဆုံးဖြတ်ခဲ့သည့် တာလီဘန်တို့၏ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့သည်။
ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နော်ဝေနှင့် အမေရိကန်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။ အဆိုပါ ပူးတွဲကြေညာချက်မှာ တာလီဘန်တို့၏ အလယ်တန်း မိန်းကလေးကျောင်းများ ပိတ်ရန် ဆုံးဖြတ်ချက်ကြောင့် တာလီဘန်တို့ လိုလားလျက်ရှိသော တရားဝင် အဖွဲ့အစည်းဖြစ်ရန် ရည်မှန်းချက်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတွင် လေးစားဖွယ် အဖွဲ့ဝင်ဖြစ်လာရန် ရည်မှန်းချက်ကို ထိခိုက်စေလိမ့်မည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။
ကန်ဒဟာပြည်နယ်တွင် တာလီဘန် အဆင့်မြင့်အရာရှိကြီးများ မတ်၂၂ ရက်က အစည်းအဝေးပြုလုပ် ပြီးနောက် မိန်းကလေးကျောင်းများကို ဆက်လက်ပိတ်ထားရန် ဆုံးဖြတ်ခဲ့သည်။ ဆရာများ၏လစာ ထောက်ပံ့မှုရရှိရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ လနှင့်ချီ၍ ကြိုးပမ်းပြီးနောက် ခုနစ်လတာကာလအတွင်း အာဖဂန် မိန်းကလေးများသည် စာသင်ကျောင်းသို့ ပြန်လာရန် စိတ်အားထက်သန်ခဲ့ကြသည်။
တာလီဘန်တို့ဘက်မှ ယခုကဲ့သို့ ပြုမူလိုက်ခြင်းဖြင့် နိုင်ငံရေးအရ ထောက်ခံမှုရရှိရန်နှင့် ပြည်တွင်း ပြည်ပတွင် တရားဝင် အသိအမှတ်ပြုခံရမှုတို့အတွက် ဆိုးကျိုးများ ဖြစ်ပေါ်လာစေနိုင်သည်ဟု အနောက် နိုင်ငံများက သတိပေးထားသည်။
အေအက်ဖ်ပီ