စစ်တွေ    မတ်   ၂၅

၂၀၂၂ ခုနှစ် ဧပြီ ၁၃ ရက်တွင် ကျရောက်မည့် မဟာသင်္ကြန်ပွဲတော်ကို ရခိုင်ပြည်နယ်၌ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ် ၂၄ ရက်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက “နှစ်သစ်ကူး အတာင်္ကြန်ပွဲတော်ကို စည်းကမ်းရှိရှိနဲ့ စည်ကားသိုက်မြိုက် ပျော်ရွှင်အောင်မြင်စွာ ကျင်းပနိုင်ရန်က ပထမ၊ ဒုတိယက အများပြည်သူ လုံခြုံစိတ်ချစွာ သင်္ကြန်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွဲနိုင်ရန်၊ တတိယက ပြည်နယ်အစိုးရအဖွဲ့နဲ့အတူ ဌာနဆိုင်ရာများ အားလုံးသာမက ပြည်သူလူထုပါ အတူတကွ ပူးပေါင်းပြီး နှစ်သစ်ကူး အတာသင်္ကြန်ကို ချစ်ခင်စည်းလုံးစွာ ဖြတ်သန်းကြနိုင်ရန်ဖြစ်ကြောင်း” ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးရဲထွန်းဇော်က မဟာသင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီများ ဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးများက ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် မဟာသင်္ကြန် အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အကြံပြုဆွေးနွေးကြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)