ရန်ကုန် မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းတို့ ပူးပေါင်း၍ (၇၇)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မတ် ၂၅ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လှိုင်မြစ် - လှော်ကား ရေအားဖြည့်စီမံကိန်း ဖွင့်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက “ရန်ကုန်မြို့နေ ပြည်သူလူထုအား သောက်သုံးရေ အဓိကပေးဝေလျက်ရှိသော ရေလှောင်ကန်ကြီးများ ဖြစ်သော ဂျိုးဖြူ၊ ဖူးကြီး၊ လှော်ကား ရေလှောင်ကန်ကြီးများတွင် မိုးရေစုဆောင်းရရှိမှုများ လျော့နည်းလာ၍ လှိုင်မြစ် - လှော်ကား ရေအားဖြည့် စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ရေအရည်အသွေး စမ်းသပ်စစ်ဆေးချက်များအရ လှိုင်မြစ်အတွင်း ရေငန်မရောက်ရှိနိုင်သော မှော်ဘီမြို့နယ် ကန်ကလေး ကျေးရွာအနီး လှိုင်မြစ်မှ ရေအား ရယူဆောင်ရွက်ကြောင်း၊ ကန်ကလေး လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် မှော်ဘီမြို့ရှိ ရေသန့်စင်မှုစနစ်သို့ ပင်မရေပေးမြောင်းကြီးဖြင့် ပေးပို့ကြောင်း ၊ ရေသန့်စင်မှု စနစ်မှ သန့်စင်ပြီး ရေများအား ဖူးကြီး -လှော်ကား ရေပို့ပိုက်မကြီးသို့ အသစ်ဆက်သွယ်ထားသော 1600 mm အချင်းရှိ HDPE ရေပို့ပိုက်မကြီးများမှ တစ်ဆင့် ရေတွန်းစက်ကြီးများဖြင့် တွန်းပို့ကာ လှော်ကားကန် ထဲသို့ နေ့စဉ် ရေဂါလန် သန်း ၆၀ ဖြည့်တင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် စိုက်ပျိုးရေပေးဝေရေး အတွက်လည်း မြောင်းလက်တံတစ်လျှောက်ရှိ စိုက်ပျိုးသူများအား များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုစီမံကိန်းပြီးစီးပြီဖြစ်၍ ရန်ကုန်မြို့နေပြည်သူများ ယခင်ကထက် သောက်သုံးရေ ပိုမို ဖူလုံစွာသုံးစွဲနိုင်မည်ဖြစ်ပြီး စီမံကိန်းကို ၂၀၂၁ ခုနှစ် မေလမှ စတင်၍ ၂၀၂၂ ခုနှစ် မတ်လမှာ ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ခဲ့သော ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ အားလုံးကို ကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။ ထို့နောက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးညီညီက စီမံကိန်းဆိုင်ရာ အချက်အလက်များ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက လှိုင်မြစ်-လှော်ကား ရေအားဖြည့်စီမံကိန်းကို ဖဲကြိုးဖြတ်၍ လည်းကောင်း၊ ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကမ္ပည်းမော်ကွန်းကို စက်ခလုတ်နှိပ်၍ လည်းကောင်း ဖွင့်လှစ်ပေးကြပြီး ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည် ပက်ဖျန်းပေးကြသည်။
ထို့နောက် ဝန်ကြီးချုပ်က ရေတွန်းစက်ရုံရှိ ပထမဆုံးရေတွန်းစက် တစ်လုံးအား စက်ခလုတ်နှိပ် မောင်းနှင်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လှိုင်မြစ် - လှော်ကား ရေအားဖြည့် စီမံကိန်းလုပ်ငန်းခွင်ကို လည်းကောင်း၊ ရေအားဖြည့်စီမံကိန်း ပုံစံငယ်နှင့် ဓာတ်ပုံပြခန်းတို့ကို လည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ကန်ကလေးကျေးရွာရှိ ကန်ကလေး လျှပ်စစ်မြစ်ရေတင် လုပ်ငန်းခွင်နှင့် ကန်ကလေးလျှပ်စစ်မြစ်ရေတင် လုပ်ငန်းတွင် အသုံးပြုနေသော 33/3.3 KV -2.5 MVA လျှပ်စစ်ဓာတ်အားခွဲရုံအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လှိုင်မြစ်မှ ရေအားရယူ၍ ကန်ကလေး လျှပ်စစ်မြစ်ရေတင်စနစ်ဖြင့် မှော်ဘီမြို့ရှိ လှိုင်မြစ်- လှော်ကား ရေအားဖြည့် စီမံကိန်းသို့ ပင်မရေပေးမြောင်းကြီးဖြင့် ရေပေးပို့နေမှုအခြေအနေများကို လည်းကောင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံ လည်ပတ်နေမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)


