အိမ်မဲ မတ် ၂၇

 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကန်ကြီးဒေါင့်ကုန်း ကျေးရွာအုပ်စု ကုန်းစုကျေးရွာတွင် (၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို မတ် ၂၆ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

 

ကုန်းစုကျေးရွာ လျှပ်စစ်မီးလင်းရေး ဖွင့်ပွဲကို မြောင်းမြခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသင်းဦး၊ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့် အဖွဲ့ဝင် (၁) ဗိုလ်မှူး ကောင်းမြတ်စံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် ခရိုင်ဦးစီးမှူးက ကုန်းစုကျေးရွာ မီးလင်းရေးဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

 

ကုန်းစုကျေးရွာ လျှပ်စစ်မီးရရှိခြင်းမှာ အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခု (၆) လ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ချစ်သက်လယ်(အိမ်မဲ)