ပုလော မတ် ၂၇
(၇၇)နှစ်မြောက် တပ်တော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာ၌ အသေးစား လျှပ်စစ်ဓာတ်အားစီမံကိန်း (Solar Mini Grid) လုပ်ငန်းဖြင့် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို မတ် ၂၇ ရက် နံနက် ၈ နာရီက အဆိုပါကျေးရွာ၌ ကျင်းပသည်။
ဦးစွာ ကျောက္ကာကျေးရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးချုပ်(နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း၊ တနင်္သာရီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲခေါင်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိမိတို့ဌာနက တနင်္သာရီတိုင်းဒေသကြီးတွင် အသေးစားဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းပေါင်း (၃၄)ခု ဆောင်ရွက်ရာမှာ ယနေ့ဖွင့်လှစ်သည့် ကျောက္ကာကျေးရွာ ဆိုလာအသေးစား ဓာတ်အားစနစ် စီမံကိန်းလုပ်ငန်းသည် (၃၁)ခုမြောက် ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းဖြစ်ကြောင်း၊ ကျန်ရှိသည့် လုပ်ငန်း(၃)ခုကို ဆက်လက်ဆောင်ရွက်ဆဲ ဖြစ်ကြောင်း၊ ကျောက္ကာကျေးရွာအတွက် ဆောင်ရွက်ထားသည့် ဆိုလာအသေးစား ဓာတ်အားစနစ်မှာ (၂၀၉ ဒသမ ၉၂)ကီလိုဝပ်၊ အရန် ဒီဇယ်အင်ဂျင်စနစ် (၁၀၈)ကီလိုဝပ်ပါဝင်ပြီး အမေရိကန်ဒေါ်လာ (၁ ဒသမ ၁၅)သန်း အကုန်အကျခံ ဆောင်ရွက်ခဲ့ကြောင်း၊ ယခုစီမံကိန်းကို Techno Hill Engineering Co, Ltd မှ တာဝန်ယူ တည်ဆောက်ခဲ့ပြီး နိုင်ငံတော်ရန်ပုံငွေမှ (၆၀)ရာခိုင်းနှုန်း၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေ (၂၀)ရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီမှ (၂၀)ရာခိုင်းနှုန်းတို့ဖြင့် ထည့်ဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုစီမံကိန်းကို ကျေးရွာရှိ အိမ်ထောင်စုပေါင်း (၇၀၀)ခန့် အကျိုးခံစားရရှိရန် မျှော်မှန်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အိမ်ထောင်စုပေါင်း (၅၁၈)အိမ်ခန့် ဓာတ်အားချိတ်ဆက် ရယူအသုံးပြုနေပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ Techno Hill co, Ltd မှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်ရဏီအောင်က ကျောက္ကာကျေးရွာ Solar Mini - Grid နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပြီး ကျောက္ကာကျေးရွာမီးလင်းရေး ကော်မတီဥက္ကဋ္ဌ ဦးလှရှီက ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက် ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပတ်ဖျန်းခဲ့ကြကာ Solar Pump House အား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာရှိ အသေးစား လျှပ်စစ်ဓာတ်အားစီမံကိန်း (Solar Mini - Grid) လုပ်ငန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အမေရိကန်ဒေါ်လာ (၆၉၀၀၀၀)၊ ကျေးရွာလူထုထည့်ဝင်ငွေ (၃၄၅ ဒသမ ၀၀)ကျပ်သန်း၊ လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီက အမေရိကန်ဒေါ်လာ (၂၃၀၀၀၀)၊ စီမံကိန်းစုစုပေါင်းကုန်ကျငွေ အမေရိကန်ဒေါ်လာ (၁၁၅၀၀၀၀) ဖြင့် Techno Hill Co, Ltd က ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်နေ့တွင် တာဝန်ယူ တည်ဆောက်ခဲ့ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးခဲ့ပြီး လုပ်ငန်းများ စတင်လည်ပတ်ခဲ့ကြောင်းနှင့် အဆိုပါကုမ္ပဏီမှ (၁၅)နှစ် တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက္ကာကျေးရွာတွင် ဆောင်ရွက်ထားသည့် မီးလင်းရေးလုပ်ငန်းမှာ ဆိုလာ+ဒီဇယ် အမျိုးအစားဖြစ်ကာ ဆိုလာ (၂၀၉ ဒသမ ၉၂)ကီလိုဝပ်၊ ဒီဇယ် (၁၀၈)ကီလိုဝပ်၊ စီမံကိန်းနှင့် ချိတ်ဆက်သည့် အိမ်ခြေ(၅၁၈)အိမ်၊ အကျိုးပြုလူဦးရေ (၃၁၀၈)ဦးဖြစ်ပြီး စာသင်ကျောင်း (၂)ကျောင်း၊ ဘာသာရေးကျောင်း (၁၀)ကျောင်း၊ စာကြည့်တိုက် (၁)ခု၊ ဆေးရုံ(၁)ခု၊ လမ်းမီးတိုင် (၅၇)တိုင်နှင့် စက်မှုလုပ်ငန်းသုံး အိမ်ခြေ(၃၀)အိမ်တို့တွင် မီးလင်းရေးလုပ်ငန်းများ လည်ပတ်အသုံးပြုနေကြပြီး ဖြစ်ကြောင်း၊ ဓာတ်အားခကောက်ခံမှုနှုန်းမှာ အိမ်သုံးတစ်ယူနစ် (၃၅၀)ကျပ်၊ စက်မှုလုပ်ငန်းသုံး တစ်ယူနစ် (၄၅၀)ကျပ်၊ အများပိုင် အဆောက်အဦများကို (၁)ယူနစ်မှ (၂၀)ယူနစ်အထိ အခမဲ့ပေးပြီး ယူနစ်(၂၀)ကျော်လျှင် တစ်ယူနစ်(၄၅၀)ကျပ်နှင့် လမ်းမီးတိုင်များကို အခမဲ့ပေးသွားမည်ဖြစ်ကြောင်း ပုလောမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလမင်းချစ်ကိုထံမှ သိရသည်။
မြင့်ဦး(မြိတ်)


