မုဒုံ မတ် ၂၇
(၇၇) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ဆက်သွယ်ရွာဟောင်းအဝင် ကတ္တရာလမ်းသစ် ဖွင့်ပွဲအခမ်းအနားကို မတ် ၂၆ ရက်က ကျင်းပရာ မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်မှူးများနှင့် ဆက်သွယ်ကျေးရွာသူ ကျေးရွာသား ပြည်သူများ တက်ရောက်ကြသည်။
ဖွင့်ပွဲတွင် မုဒုံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မျိုးဇာခြည်ဦးက လမ်းလုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး ဆက်သွယ်ကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဝင်း၊ မုဒုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင့်ဇော်နှင့် မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိတို့က ကတ္တရာလမ်းသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး၍ ကတ္တရာလမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါလမ်းကို မုဒုံမြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၁ - ၂၀၂၂ ခု ခြောက်လဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ရန်ပုံငွေကျပ် ၂၀၂ ဒသမ ၇၃၄ သန်းဖြင့် အရှည် ၁ ဒသမ ၆၀၉ ကီလိုမီတာ၊ အကျယ် ၃ ဒသမ ၆၆ မီတာ၊ ထု ၃၇၅ မီလီမီတာ ကတ္တရာလမ်း ခင်းခြင်းလုပ်ငန်းကို အောင်အေ (၁) ကြယ် ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကျေးရွာရှိ ဒေသခံပြည်သူများအနေဖြင့် ရာသီမရွေး အဆင်ပြေလွယ်ကူစွာ သွားလာနိုင်သည့်အပြင် ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများအတွက် များစွာ အထောက်အကူ ပြုမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)


