သာယာဝတီ မတ် ၂၇

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူမတ်လ(၂၆)ရက်က သာယာဝတီမြို့နယ်၊ ကျွဲသတ်ကျေးရွာအုပ်စု၊ တောင်သူဦးမျိုးမြင့်၏ ဆီထွက်သီးနှံ ဆင်းရွှေကြာ(၂) နေကြာမျိုးစိုက်ခင်း ရိတ်သိမ်းနေမှုကိုလည်းကောင်း၊ သဲဖြူကျေးရွာ၊ တောင်သူ ဒေါ်အေးစန်း ၏ (GW-11) နွေစပါး မျိုးစေ့ထုတ်စိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှုကိုလည်းကောင်း၊လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာနမှတိရစ္ဆာန်အစားအစာ အပင်စိုက်ခင်း(နေပီယာမြက်)စိုက်ပျိုးထားရှိမှုကိုလည်းကောင်း ၊ဂွေးတောက်ကွင်းကျေးရွာရှိ (GW11) နွေစပါးမျိုးစေ့ထုတ်စိုက်ခင်း ဓါတ်မြေသြဇာကြဲပတ်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။ 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အုတ်ဖိုမြို့နယ်၊ အိုးသည်ကုန်းမြို့၊ သပြေကုန်းကျေးရွာ၌ ဦးစိုးနိုင်၏ အသားတိုးဝက် မွေးမြူရေးခြံသို့ လည်းကောင်း၊  နတ်တလင်းဘူတာ ပြန်လည်အဆင့် မြှင့်တင်နိုင်ရေးနှင့် နတ်တလင်းဆေးရုံသစ် ဆောက်လုပ်မည့်နေရာ မြေဖို့ခြင်းနှင့် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ ဆောင်ရွက် နေမှုများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရွှေတောင်မြို့နယ် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်းသို့ ရောက်ရှိပြီး ရက်ကန်းသင်တန်း သင်ကြားနေမှုကို ကြည့်ရှုပြီး ရက်တို၊ ရက်ရှည် သင်တန်းအမျိုးအစားအလိုက် အများပြည်သူ လာရောက် သင်ကြားနိုင်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့ပြီး သင်ကြားရေး ဆရာ/ဆရာမများအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ 

(သတင်းစဉ်)