မတ္တရာ မတ် ၂၈

 

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ (၆)လဘတ်ဂျက် ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း မူလရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သော စကားပင်ကျေးရွာ ကုန်ထုတ်လမ်း မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါကုန်ထုတ်လမ်း မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးမှုအား မတ္တရာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဗိုလ်ဗိုလ်နှင့် ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီမှ တာဝန်ရှိသူများနှင့်အတူ ကွင်းဆေးစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဆောင်ရွက်နို်ငရေး ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။

 

စကားပင်ကျေးရွာကုန်ထုတ်လမ်း အကျယ် ၁၂ ပေ၊ အရှည်(၁)မိုင်အား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းကို ရွှေယောမြေကုမ္ပဏီမှ ငွေလုံးငွေရင်း မူလရန်ပုံငွေ ကျပ် ၆၆ ဒသမ ၁၆၀ သန်းဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒေသခံတောင်သူ ၂၅၀ ဦး၏ စိုက်ပျိုးဧက ၁၀၀၀ အတွက် အကျိုးဖြစ်ထွန်းမည်ဖြစ်ကြောင်း သိရသည်။

 

စိုးကျော်သူထွေး(မတ္တရာ)