နေပြည်တော် မတ် ၂၈
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ဦးစီးဌာနသည် (ရုံးချုပ်) မှ Help Line တာဝန်ကျဝန်ထမ်းများ “ကျား၊ မအခြေပြု အကြမ်းဖက်မှုဖြစ်ရပ်များ ဖြေရှင်းဆောင်ရွက်မှုဆိုင်ရာ သင်တန်း (အပတ်စဉ်-၂)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံးစုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မိမိတို့ဝန်ကြီးဌာနအနေဖြင့် လူပုဂ္ဂိုလ်များကို ဝန်ဆောင်မှုပေးနေသည့် ဌာနဖြစ်သည့်အတွက် မိမိတို့ပေးသည့် ဝန်ဆောင်မှုများမှာ စနစ်ကျရန် အရေးကြီးပါကြောင်း၊ အကူအညီတောင်းခံလာသူများမှာ လိုအပ်ချက် မတူသည့်သူများဖြစ်သဖြင့် ဝန်ဆောင်မှုပေးသူများအနေဖြင့် ယဉ်ကျေးသိမ်မွေ့ရန်၊ ကိုယ်ချင်းစာစိတ်ရှိရန် လိုအပ်ပါကြောင်း၊ လူမှုဝန်ထမ်း နည်းလမ်းများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသူများ ဖြစ်သည့်အတွက် sympathy /empathy ရှိရန်လိုအပ်ပါကြောင်း၊ ထိခိုက်လွယ်အုပ်စုများ ကြုံတွေ့နေရသည့် လူမှုဒုက္ခများကို sympathy /empathy ဖြင့် ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ Help Line ကို ၂၀၁၆ ခုနှစ် စတင်ဖွင့်လှစ်ချိန်မှစ၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအထိ တိုင်ကြားလာသည့် အမှုပေါင်း (၁၆၈၀) ရှိပြီး အိမ်တွင်းအကြမ်းဖက်မှု Case များ ပိုများမည်ဖြစ်ပါကြောင်း။
Help Line ၌ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများက ဆက်သွယ်လာသောသူများကို ပြေပြေပြစ်ပြစ် ပြောဆိုရန် စိတ်ရှည်နားထောင်ပေးရန် လိုအပ်ပါကြောင်း၊ မိမိတို့ကူညီဖြေရှင်း ပေးလိုက်သည့်အတွက်ကြောင့် ၎င်းတို့၏ ပြဿနာဒုက္ခများ လျော့ပါးသွားပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်မှုအတွက် ပီတိဖြစ်တတ်ရန် လို့အပ်ပါကြောင်း၊ တိုင်ကြားလာသည့် အမှုများကို သက်ဆိုင်ရာတိုင်းဒေသကြီး / ပြည်နယ်လူမှုဝန်ထမ်း ရုံးများသို့ လွှဲပို့ရာတွင် သက်ဆိုင်ရာဒေသက Case Manager များအနေဖြင့် ဖြေရှင်းပေးခြင်း၊ ညွှန်းပို့ ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခဲ့မှုများအတွက် မှတ်တမ်းမှတ်ရာများကိုလည်း ကောင်းစွာထိန်းသိမ်းတတ်ရန် လိုအပ်ပါကြောင်း။
ယခု သင်တန်းသို့ တက်ရောက်မည့်သူများတွင် လက်တွေ့လုပ်ငန်း ဆောင်ရွက်သူများ ပါသည့်အတွက် စာတွေ့လက်တွေ့ ပေါင်းစပ်နိုင်မည် ယုံကြည်ပါကြောင်း၊ Help Line ဝန်ဆောင်မှုမှာ အလွန်ပင် အရေးကြီးသည့်အတွက် သင်တန်းသားများအနေဖြင့် ဝန်ဆောင်မှုပေးရာတွင် ယခုသင်တန်းမှ သင်ကြားပေးသည့်အတိုင်း လေးလေးစားစားဖြင့် စနစ်တကျ ဆောင်ရွက်သွားရန် မှာကြားလိုကြောင်း ပြောကြားသည်။
သင်တန်းတွင် သင်တန်းသား/သူ (၂၆) ဦး ပါဝင်တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၂၈ ရက်မှ ၂၉ ရက်အထိ (၂) ရက်တာ သင်တန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


