နေပြည်တော် မတ် ၂၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်နှင့် အလုပ်အမှုဆောင်သစ်များ ကို Virtual စနစ်ဖြင့် ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရနှင့် ဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာ မူဝါဒများအား ရှင်းလင်းပြောကြားပြီး ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုဆိုင်ရာ အသင်းအဖွဲ့များ အားကောင်းစေရေးနှင့် ညီနောင်အသင်းအဖွဲ့များအားလုံး ချိတ်ဆက်ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လက်ရှိလုပ်ငန်းဆောင်ရွက်မှုနှင့် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌက ညီနောင်အသင်းအဖွဲ့များအကြား၊ ပုဂ္ဂလိကနှင့် အစိုးရဌာနဆိုင်ရာများ အကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် MRCCI ဥက္ကဋ္ဌကအသင်း၏ ဖွဲ့စည်းဆောင်ရွက်မှုနှင့် လုပ်ငန်းတာဝန်များ၊ လက်ရှိ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များက ကုန်သွယ်မှုတွင်ကြုံတွေ့နေရသော အခက်အခဲများနှင့် အကြံပြုချက်များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။
တွေ့ဆုံပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


