နေပြည်တော် မတ် ၂၈

မြန်မာ-တရုတ် နယ်စပ်ဒေသများဖြစ်သည့် မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော် နယ်စပ်ဒေသတို့တွင် အကောက်ခွန်ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ကုန်ပစ္စည်း အလိုအလျောက် ရှင်းလင်းထုတ်ယူရေးစနစ် (Myanmar Automated Cargo Clearance System) ကို ဧပြီ ၁ ရက်တွင် စတင် အသုံးပြုရန် စီစဉ်ထားရှိကြောင်း သိရသည်။ 

အဆိုပါ နယ်စပ်ဒေသများတွင် MACCS စနစ် စတင်အသုံးပြု ဆောင်ရွက်ချိန်တွင် စနစ်နှင့်ပတ်သက်သည့် လုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အတွက် အသိပညာပေးဆွေးနွေးပွဲကို မတ် ၂၆ ရက် နံနက်ပိုင်းတွင် ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆွေးနွေးပွဲတွင် MACCS စနစ်ကို ချိတ်ဆက်အသုံးပြုကြမည့် အစိုးရဌာနဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အကောက်ခွန် ဝန်ဆောင်မှု ကိုယ်စားလှယ်များကို စနစ်အသုံးပြုရာတွင် လိုက်နာဆောင်ရွက်သွားမည့် အကြောင်းအရာများ၊ စနစ် အသုံးပြုခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများကို အကောက်ခွန်ဦးစီးဌာနမှ ရှင်းလင်းဆွေးနွေးသည်။ 

MACCS စနစ်ကို အသုံးပြုခြင်းအားဖြင့် သွင်းကုန်/ ထုတ်ကုန် ရှင်းလင်းရေး လုပ်ငန်းစဉ်များကို ယခင် Manual စနစ်ဖြင့် ဆောင်ရွက်ခဲ့ရာမှ Automation စနစ်သို့ ပြောင်းလဲ အသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်သွယ်မှု လွယ်ကူချောမွေ့လာမည်ဖြစ်၍ ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သည်။ 

MACCS စနစ်ကို မူဆယ်နယ်စပ်ဒေသနှင့် ချင်းရွှေဟော်နယ်စပ်ဒေသများ၌ ဧပြီ ၁ ရက်တွင် စတင်၍ အကောက်ခွန်ဦးစီးဌာန၊ ကုန်သွယ်မှုနှင့် ဆက်စပ်နေသည့် အစိုးရဌာန ဆိုင်ရာများ၊ ပုဂ္ဂလိက လုပ်ငန်းရှင်များ၊ အကောက်ခွန် ဝန်ဆောင်မှု ကိုယ်စားလှယ်များမှ ချိတ်ဆက် အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်