ချောင်ကင်း မတ် ၂၉

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချောင်ကင်းမြို့ ဂူရမ်ဆိပ်ကမ်း မှ ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းသို့ မတ်၂၆ ရက်တွင် ကုန်ရထား စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

 

ကုန်စည်စီးဆင်းမှုချောမွေ့စေရေး

 

ယခုကုန်ရထား စတင်ပြေးဆွဲမှုသည် တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှဒေသအကြား ကုန်စည်စီးဆင်းမှု ချောမွေ့စေရေးအတွက် အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းနှင့်ပင်လယ်ပြင်ဆိုင်ရာ ကုန်သွယ်ရေးစင်္ကြံ၏ အစိတ်အပိုင်းတစ်ရပ်ကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လိုက်ခြင်းဖြစ်သည်။ အဆိုပါ  ကုန်ရထားတွင် တရုတ်နိုင်ငံ ချောင်ကင်းမှ  ထုတ်လုပ်သော အင်ဂျင်များ၊ တာယာများ၊ ပုံနှိပ်စက္ကူနှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်ထွက်ခွာလာခြင်းဖြစ်ပြီး အဆိုပါကုန်ပစ္စည်းများ၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ သန်းကျော်ရှိကြောင်း  သိရသည်။

 

ငါးရက်ခန့်သာကြာမြင့်

 

ခင်က ချောင်ကင်းနှင့် အနီးအနားရှိ စီချွမ်ပြည်နယ်တို့မှ ကုန်ပစ္စည်းများကို ဗီယက်နမ်နိုင်ငံသို့  တင်ပို့ရာတွင်  ရေလမ်းခရီးမှ သယ်ယူရပြီး ရက် ၂၀ ခန့် အချိန် ကြာမြင့်ခဲ့သည်။ ယခု ကုန်ရထားလမ်းကြောင်းသစ်သည် တရုတ် နိုင်ငံမှ ဗီယက်နမ်သို့ ကုန်ပစ္စည်း ပို့ဆောင်ရာတွင်  အချိန်ငါးရက်ခန့်သာ ကြာမြင့်သောကြောင့်  အချိန်နှင့် လုပ်အားပြုန်းတီးမှုကို သက်သာရာရောက်ပြီး  လုပ်ငန်းလွယ်ကူစေကြောင်း သိရသည်။ အပြည်ပြည်ဆိုင်ရာ ကုန်းတွင်းနှင့်  ပင်လယ်ပြင်ဆိုင်ရာ ကုန်သွယ်ရေး စင်္ကြံသည် တရုတ်နိုင်ငံ  အနောက်ပိုင်းရှိ ပြည်နယ်များနှင့် စင်ကာပူ နိုင်ငံတို့ ပူးပေါင်းတည်ဆောက်ထားခြင်းဖြစ်ကာ ချောင်ကင်းမြို့ပြဒေသအား အဆိုပါစင်္ကြံ၏ ဗဟိုအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ