တန့်ယန်း မတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ၊ ပြည်သူထည့်ဝင်ငွေတို့ဖြင့် ကျေးရွာ ၉ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
တန့်ယန်းမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာနှစ် ခြောက်လတာကာလတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် ကျေးရွာ ၉ ရွာတွင် ကျေးရွာအဝင်နှင့် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း တစ်ခု၊ ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း တစ်ခု၊ ကျေးလက်ရေရရှိရေးလုပ်ငန်း ငါးခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း ၉၀၀၊ ပြည်သူထည့်ဝင်ငွေ ကျပ် ၃၇၂ ဒသမ ၅ သိန်း စုစုပေါင်းငွေကျပ် ၁၂၃၇ ဒသမ ၅ သိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ လက်ရှိမှာတော့ လုပ်ငန်းအားလုံး၏ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း တန့်ယန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်း ပြောပြချက်အရ သိရသည်။
ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ကျေးရွာများမှာ ကုန်းကော်၊ နားဟင်၊ နားဆေ(ရှေ့)၊ ကတ်ချိတ်၊ မန်မတ်တွယ်၊ လုံမုံ၊ နားခါး၊ မန်ကောင်းမှူး၊ ပါစန်ကျေးရွာတို့ဖြစ်ပြီး အဆိုပါဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုကြောင့် ကျေးရွာ ၉ ရွာရှိ အိမ်ခြေ ၆၁၄ အိမ်၊ လူဦးရေ ၃၀၅၇ ဦးတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


