မြဝတီ  မတ်    ၂၉

 

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်() ချစ်ကြည်ရေးတံတားမှတစ်ဆင့်  လက်ခံလျက်ရှိရာ မတ် ၂၈ ရက် မြန်မာနိုင်ငံသား ၄၀၀ ဆက်လက်ဝင်ရောက် ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မြန်မာနိုင်ငံသားများအား တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက် လာသူများ၏ အချက်အလက်များ ကောက်ယူခြင်းများကို ဆောင်ရွက်ပေးသည်။

 

ထိုသို့ ပြန်လာသူများတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးမှ နေရပ်ပြန်များအား မော်လမြိုင်မြို့ရှိ ၁၀ မြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ပို့ဆောင်ပေးပြီး အခြားတိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ နေရပ်ပြန်များအား မြဝတီမြို့ရှိ ကုန်သွယ်ရေးဇုန်၊ မဲကနယ်နှင့် ကျောက်လုံးကြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများတွင် ၁၀ ရက်ကြာ အသွားအလာ ကန့်သတ်ထားရှိကာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးပြီးမှ သက်ဆိုင်ရာ မြို့နယ်များသို့ ပို့ဆောင်ပေးခြင်းဖြစ်သည်။

 

ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ အမျိုးသား ၂၆၁ ဦး၊ အမျိုးသမီး ၁၃၉ ဦး စုစုပေါင်း ၄၀၀ ရှိပြီး အဆိုပါ ၄၀၀ တွင် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရပြီး၍ ထိုင်းနိုင်ငံမှ ပြန်လည်လွှဲပြောင်းပေးလာသူ အမျိုးသား ၁၅၃ ဦး၊ အမျိုးသမီး ၅၅ ဦး စုစုပေါင်း ၂၀၈ ဦး ပါဝင်ကြောင်း သိရသည်။

 

ထိန်လင်းအောင်(ပြန်/ဆက်)