နေပြည်တော်၊ မတ် ၂၉
စက်မှုဝန်ကြီးဌာနရှိ အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ နည်းပညာ ကျွမ်းကျင် သူများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း က ကုန်ထုတ်လုပ်မှုကဏ္ဍကို ဦးဆောင်ကြမည့် အင်ဂျင်နီယာများအတွက် အရည်အသွေး၊ စွမ်းဆောင်ရည်နှင့် ကျွမ်းကျင်မှု များကို မြှင့်တင်ရေးအတွက် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များ၊ ပြင်ဆင်ဆောင်ရွက် ရမည့်ကိစ္စရပ်များ၊ ဥပဒေအရသတ်မှတ်ထားသည့် အသိအမှတ်ပြုလက်မှတ်များ ရယူနိုင်ရန် အတွက် လိုအပ်သောပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် သိရှိရမည့်အချက်အလက်များကို ဝန်ကြီးဌာန၌ တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာအရာထမ်းများ သိရှိနိုင်ရန် ယခု အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း။
လုပ်ငန်းခွင်မှ ပေးသော သင်ခန်းစာများ၊ အခက်အခဲများကို လေ့လာသင်ယူခြင်းဖြင့် အောင်မြင်အောင်၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် တာဝန်ပေးအပ်သည့် နေရာ၊ ဌာနများတွင် ပေးအပ်လာသည့်တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရသည့်အတွက် ပညာရပ်၊ ဘာသာရပ်တစ်ခုတည်းကို တစ်စိုက်မတ်မတ်ဖြင့် လေ့လာ၍ ကျွမ်းကျင်သူများဖြစ်ရန် အဟန့် အတား ရှိပါကြောင်း။
စီးပွားရေးတွက်ချေကိုက်မှုကို ရှေ့တန်းတင်သည့် ၂၀၁၇ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ကာလအတွင်း၌ စက်ရုံများရပ်ဆိုင်းခဲ့သည့်အတွက် ရပ်နားထားသော နိုင်ငံပိုင်စက်ရုံများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းကိုသာ ဆောင်ရွက်ရ၍ အနာဂတ်မျှော်မှန်းချက်များ မှေးမှိန်ပြီး စိတ်ပိုင်းဆိုင်ရာကျဆင်း၍ အသက်ဝင်သော လုပ်ငန်းခွင်နှင့် ကင်းကွာခဲ့ရသောကြောင့် ဝန်ကြီးဌာနတွင်ရှိသည့် အင်ဂျင်နီယာများအတွက် စိတ်ပိုင်းဆိုင်ရာ အားပေးရန်၊ ခိုင်မာသော မျှော်လင့် ချက်များကိုဖန်တီးပေးရန်နှင့် ရှိပြီးသားလုပ်ငန်းအတွေ့ အကြုံများကို ပြန်လည် နှိုးဆွတူးဖော်ပေးရန် လိုအပ်ကြောင်း၊ ထို့အပြင် ဥပဒေအရ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ရ အင်ဂျင်နီယာများဖြစ်ရန် ပြင်ဆင်ဆောင်ရွက်ရာ၌ သိသင့်သော အချက်အလက် များကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖြန့်ကျက် တာဝန် ထမ်းဆောင်နေကြသည့် ဝန်ကြီးဌာနရှိ အင်ဂျင်နီယာအရာထမ်းများ အနာဂတ်မျှော်လင့်ချက် တစ်စိတ်တစ်ပိုင်းအတွက် ရလဒ်ကောင်းများ ရရှိလာမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
ထို့နောက် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ်က လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုကိုဖော်ပြသည့် အစီရင်ခံစာများ ရေးသားပြုစုရာတွင် ပါဝင်သင့် သည့် အချက်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်နှင့် အမှတ်(၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ Professional Development Program (PDP) ဆောင်ရွက်ရန် လိုအပ်ချက်များကိုလည်းကောင်း၊ တက်ရောက်လာသူများထဲမှ Professional Development Program (PDP) တက်ရောက် ခဲ့သည့် အတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက သိရှိလိုသည်များကိုမေးမြန်းရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)


