မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)
သဘောထားထုတ်ပြန်ချက် ၁၃၈၃ ခုနှစ် တပေါင်းလပြည့်ကျော် (၁၃) ရက်
( ၂၀၂၂ ခုနှစ် မတ်လ(၂၉) ရက် 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ထိခိုက်ခဲ့သည့် ပြည်တွင်း၊ ပြည်ပခရီးသွားလုပ်ငန်းများ ပြန်လည်တိုးတက်ကောင်းမွန်စေရေးအတွက် ရည်ရွယ်၍ နိုင်ငံကျော် အနုပညာရှင်များပါဝင်သည့် အဖွဲ့တစ်ဖွဲ့ အား ပြည်တွင်းရှိ အထင်ကရနေရာများသို့ လိုက်လံပို့ဆောင် ပေးလျက်ရှိကြောင်း၊ အဆိုပါ အနုပညာရှင်များ ပါဝင်သည့်အဖွဲ့သည် ယနေ့နံနက် ၈ နာရီ မိနစ် ၅၀ ခန့်တွင် ပြင်ဦးလွင်ဘူတာမှ ဂုတ်ထိပ်တံတားသို့ မြန်မာ့မီးရထား စက်ခေါင်းအမှတ် DF - 2078 ရထားအမှတ် DDUEZ 12370 လူစီးအထက်တန်းနှစ်တွဲ၊ ရိုးရိုးတန်းတစ်တွဲ၊ ဘရိတ်တွဲတစ်တွဲ ပါဝင်သည့် မီးရထားဖြင့် သွားရောက်လည်ပတ်၍ မှတ်တမ်းဓာတ်ပုံဗီဒီယိုများရိုက်ကူးပြီး မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်တွင် ပြန်လည်ထွက်ခွာခဲ့ရာ ဂန့်ဂေါနှင့် ဆင်လမ်းစုကျေးရွာအကြား ဘန့်ဘွေးရွာ၏ အနောက်မြောက်ဘက် မီတာ ၂၂၀၀ ခန့် အကွာသို့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ချိန် ရောက်ရှိစဉ် PDF အမည်ခံအကြမ်းဖက်သမားများက ရီမုမိုင်း တစ်လုံးဖြင့် အဝေးမှ နှောင့်ယှက်ဖောက်ခွဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း၊ ဖြစ်စဉ်တွင် အနုပညာရှင်များ၊ လုံခြုံ ရေးလိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် မီးရထားဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု တစ်စုံတစ်ရာမရှိကြောင်းနှင့် အထက်တန်း နှစ်တွဲမြောက်၏ ကြမ်းခင်း ပွင့်ထွက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။ 

၎င်းအဖျက်လုပ်ရပ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) က ပြင်းထန်စွာ ရှုတ်ချ ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)