မုဒုံ မတ် ၃၀
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးရုံးအဖွဲ့၌ အကျုံးဝင်မှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများမှ အလုပ်ခွင် ထိခိုက် ဒဏ်ရာရရှိမှု၊ မကျန်းမာမှုအတွက် အမြဲတမ်းမသန်စွမ်းမှုနှင့် သက်ဆိုင်သည့် ငွေလုံးငွေရင်း ပေးအပ်ပွဲကို မတ် ၂၉ ရက်က မုဒုံမြို့နယ် လူမှုဖူလုံရေး ရုံးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် လူမှုဖူလုံရေးအဖွဲ့ ပြည်နယ်တာဝန်ခံအရာရှိ (လက်ထောက် ညွှန်ကြားရေးမှူး) ဦးသက်ဆွေက ၂၀၁၂ ခု လူမှုဖူလုံရေး ဥပဒေအကြောင်း ရှင်းလင်းပြောကြားပြီး ဟောက်ယွမ် သစ်အချောထည်လုပ်ငန်းမှ အာမခံအလုပ် သမားတစ်ဦး၏ အလုပ်ခွင် ထိခိုက်မှု၊ အမြဲတမ်း လုပ်အားဆုံးရှုံးမှု ၃၂ ရာခိုင်နှုန်းအတွက် ငွေလုံးငွေရင်း ကျပ် ၃၃၈၆၈၈၀ ကို ထုတ်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန ပြည်နယ်တာဝန်ခံ ဒေါ်ယဉ်ယဉ်လှ၊ မုဒုံမြို့နယ် လူမှုဖူလုံရေးအဖွဲ့ရုံး မြို့နယ်တာဝန်ခံ ဒေါ်ဝင်းမာတို့က ကမ္ဘောဇဘဏ်(ရေးမြို့)မှ အာမခံအလုပ်သမားတစ်ဦး မီးဖွားခြင်းအတွက် ဆေးဖိုး ကုန်ကျစရိတ် ၄၀၃၅၀၀ ကိုလည်ကောင်း၊ ကမ္ဘောဇဘဏ်(မုဒုံ)မှ အာမခံအလုပ်သမား ခြောက်ဦး၊ ဧရာဝတီဘဏ်(မုဒုံ)မှ အာမခံအလုပ်သမား ခြောက်ဦးအတွက် မကျန်းမာမှု အကျိုးခံစားခွင့် စုစုပေါင်း ငွေကျပ် ၄၉၅၀၀၀ ကိုလည်ကောင်း အလုပ်ဌာန တာဝန်ခံများ၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် မိတ်ဖက်ဌာနများ ရှေ့မှောက်တွင် ထုတ်ပေးခဲ့ကြောင်း သိရသည်။
မုဒုံ(ပြန်/ဆက်)


