မတ် ၃၀
အမေရိကန်နိုင်ငံတွင် ယမန်နေ့ကအထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း သန်း ၈၀ ကျော်ရှိလာသည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်မှထုတ်ပြန်သောအချက်အလက်အရ သိရသည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၀၀၀၅၄၆ ဦးနှင့် ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူ ၉၇၈၁၀၂ ဦး အထိမြင့်တက်လာကြောင်း ထိုအချက်အလက်တွင် ဖော်ပြထားသည်။
ကယ်လီဖိုးနီးယားပြည်နယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးဖြစ်ရာ ကူးစက်ဖြစ်ပွားသူ ကိုးသန်းကျော်ရှိသည်။ တက္ကဆက်ပြည်နယ်သည် ကူးစက်ဖြစ်ပွားမှု ဒုတိယအများဆုံးပြည်နယ်ဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၆ ဒသမ ၇ သန်းခန့်ရှိသည်။
အမေရိကန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုအများဆုံးနှင့် သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာရောဂါကူးစက်ဖြစ်ပွားမှု၏ ၁၇ ရာခိုင်နှုန်းနီးပါးရှိပြီး ထိုရောဂါ ကူးစက်မှုကြောင့် သေဆုံးမှုတွင် ၁၆ ရာခိုင်နှုန်းရှိသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင် ကိုဗစ်ရောဂါကူးစက်ခံရသူ သန်း ၅၀ ရှိခဲ့ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင်သန်း ၆၀နှင့် ဇန်နဝါရီ ၂၁ ရက်တွင် သန်း ၇၀ ကျော်ရှိလာသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို