ဘားအံ    မတ်    ၃၀

 

ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် မတ် ၂၉ ရက်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ဘားအံမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၌ တည်းခိုရောက်ရှိနေသော ရပ်ဝေး ကျောင်းသား ကျောင်းသူများအား သွားရောက်တွေ့ဆုံ အားပေး၍ စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် နောင်လုံဌာန်ပတိုင်ကျောင်း ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒနှင့် ခြံကလေးအောင်ရတနာကျောင်း ဆရာတော် ဘဒ္ဒန္တဝိမလတို့အား ဖူးမြော်ကြည်ညို၍ လှူဖွယ် ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းကြပြီး  ခြံကလေးအောင် ရတနာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား ကျောင်းသူ ၉၃ ဦး၊ ဆရာ ဆရာမနှင့် အုပ်ထိန်းသူ ၂၉ ဦး စုစုပေါင်း ၁၂၂ ဦးအတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ အစရှိသော စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ကာ  ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံခရိုင် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမွေးမြူရေးဇုန် အဝင်လမ်း အရှည် ၃ ဖာလုံနှင့် ပေ ၁၈၀၊ အကျယ် ၂၆ ပေရှိ  ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းခွင်အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘားအံမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်နှင့် တာဝန်ရှိသူများက ဇုန်းအတွင်း ကြက်၊ ဆိတ်၊ ဝက်၊ နွား အစရှိသည့် မွေးမြူရေးလုပ်ငန်းများ စတင်နိုင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေနှင့် တောင်သူအချို့၏ စတင်မွေးမြူထားရှိမှု အခြေအနေများကို လိုက်လံရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူ ဦးပိုင်ဝင်း၏ ဥစားကြက်မွေးမြူရေးခြံ၊ တောင်သူ ဦးသိန်းမြင့်၏ ဆိတ်မွေးမြူရေးခြံနှင့် တောင်သူအောင်ဆန်းဦး၏ ဆိတ်မွေးမြူရေးခြံများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 

စောမျိုးမင်းသိန်း(ပြန်/ဆက်)