မြစ်ကြီးနား      မတ်      ၃၀

 

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပူတာအိုခရိုင်ရှိ ဆွတ်ပီယန်ကျေးရွာအုပ်စုနှင့် လုံရှာယန်ကျေးရွာ အုပ်စုများမှ နယ်မြေလုံခြုံရေး အခြေအနေအရ မြစ်ကြီးနားမြို့နယ်အတွင်း နေရပ်စွန့်ခွာ တိမ်းရှောင် လာသော ဒေသခံပြည်သူများအား ၎င်းတို့၏ နေရပ်ကျေးရွာများသို့ ပြန်လည်နေထိုင်ရေး စီမံဆောင်ရွက် ပေးခဲ့ရာ မတ် ၃၀ ရက် နံနက်ပိုင်းက စီတာပူရပ်ကွက်ရှိ မနောကွင်းအတွင်း စုရပ်ပြုလုပ်ပြီး နေရပ်ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

ပြည်နယ်ဝန်ကြီးချုပ်သည် နေရပ်ပြန်လည်နေထိုင်ရာတွင် လိုအပ်သည့် အခက်အခဲများ၊ နေထိုင်စားသောက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည့် အစီအစဉ်များ၊ ကျောင်းသားကလေးငယ်များ စာမေးပွဲဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားသည့် ကိစ္စရပ်များနှင့် နေရပ်ကျေးရွာများတွင် အေးချမ်းလုံခြုံစွာနေထိုင်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးထားမှု အခြေအနေ များကို ရှင်းလင်းအားပေးပြောကြားပြီး လမ်းခရီး အစဉ်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဘာသာရေးခေါင်းဆောင်များ၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

 

ပူတာအိုခရိုင်အတွင်း မတ်လအစောပိုင်းကာလ၌ နယ်မြေလုံခြုံရေးအခြေအနေအရ ဆွတ်ပီ ယန်ကျေးရွာအုပ်စုမှ ဆွတ်ပီယန်၊ ခင်ဒူယန်၊ အင်စီးယန်ကျေးရွာများနှင့် လုံရှာယန်ကျေးရွာအုပ်စု၊ လုံရှာယန်ကျေးရွာတို့မှ ဒေသခံအိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၃၇၀ တို့သည် ပူတာအိုမြို့နယ်၊ မြစ်ကြီးနားမြို့နယ်နှင့် တောတွင်းများသို့ ခေတ္တတိမ်းရှောင်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်  နေရပ်စွန့်ခွာပြည်သူများအား နေရပ်ပြန်လည်နေထိုင်နိုင်ရေး၊ နယ်မြေလုံခြုံမှုရှိစေရေးတို့အတွက် အဖွဲ့အစည်းသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး နေရပ်ကျေးရွာများသို့ ပြန်လည်ရောက်ရှိရေးအတွက် မော်တော်ယာဉ် ခြောက်စီးနှင့် ထောက်ပံ့ငွေများ၊ စားနပ်ရိပ်က္ခာ သုံးလစာအပြင် ကယ်ဆယ်ရေးပစ္စည်းများ ဖြင့် စုစုပေါင်းတန်ဖိုးငွေ ကျပ် ၁၁၉၅၉၁၅၀၀ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ယနေ့ ပြန်လည်ပို့ ဆောင်သည့် အိမ်ထောင်စု ၂၆၃ စုမှာ မြစ်ကြီးနားမြို့နယ်ရှိ ဘာသာရေးကျောင်းများနှင့် ဆွေမျိုး နေအိမ်များတွင် ခေတ္တတိမ်းရှောင်လာသည့် ပြည်သူများဖြစ်ကြောင်း သိရှိရသည်။

 

ပြည်နယ်(ပြန်/ဆက်)