မုံရွာ      မတ်      ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်း အခမ်းအနားကို မတ် ၂၉ ရက်က တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ချင်းတွင်းခန်းမ၌ကျင်းပရာ ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးနှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ လူမူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမြတ်ကျော်က စေတနာ့ဝန်ထမ်း၊ ပရဟိတအဖွဲ့အစည်း၊ Volunteer များ ခရီးသွားလာရေးလွယ်ကူစေရန် Volunteer Name Card များကို ထုတ်ပေးထားကြောင်း၊ နိုင်ငံတော်အနေနှင့်လည်း စေတနာ့ဝန်ထမ်းများ၏ ကိုယ်ကျိုးမဖက် တိုင်းပြည်အတွက် ဆိုသည့် စိတ်ဓာတ်ကို အရင်းခံကာ ကြိုးစားမှုကို အသိအမှတ်ပြုတဲ့အတွက် စက်သုံးဆီ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများနှင့် စားစရိတ်များကို ပံ့ပိုးပေးခဲ့ပါကြောင်း၊ စေတနာ့ဝန်ထမ်းများ ကလည်း ပိုမိုပါဝင် ကူညီအားဖြည့်ပေးကြရန် လိုအပ်ကြောင်း” ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး လူမူဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်သန္တာထွေးက စေတနာ့ ဝန်ထမ်းများ ဆောင်ရွက်ခဲ့မှုကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကန့်ဘလူခရိုင်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းခရိုင်၊ ကလေးခရိုင်၊ တမူးခရိုင်၊  ကသာခရိုင်၊ ကောလင်းခရိုင်၊ မော်လိုက်ခရိုင်၊ ခန္တီးခရိုင်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့မှ စေတနာ့ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကြပြီး စေတနာ့ဝန်ထမ်းများကိုယ်စား မုံရွာမြို့၊ ဂရုဏာမြင်းမိုရ် လူမူကူညီရေးအသင်းမှ ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

 

ယင်းနောက် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသော စေတနာ့ ဝန်ထမ်း၊ လူမူရေးအသင်းအဖွဲ့ အစည်းများနှင့် Volunteer များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးခဲ့သည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)