နေပြည်တော်၊ မတ် ၃၀

 

မောင်တောမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၈ ရက် နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာ အနီးတွင် (၃)မိုင်ဘက်မှ ကြိမ်ချောင်းဘက်သို့ လှထွန်းစိန်မောင်းနှင်ပြီး ဦးသန်းနု၊ ထွန်းအောင်သိန်းတို့ လိုက်ပါလာသော ဆိုင်ကယ်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉၇၅ ပြား သိမ်းဆည်းရမိခဲ့ကြောင်း၊ စစ်ဆေးဖော်ထုတ်ချက်များအရ မွန်းလွဲ ၁ နာရီတွင် မောင်တောမြို့နယ်၊ သရေကုန်းဘောင် ကျေးရွာနေ မတင်ကြည်၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ ၎င်းနှင့်အတူ ခင်မောင်ဦး၊ ခိုင်မိုးလင်း၊ မောင်ထွေးတင်၊ လေးမြင့်ဦး၊ မာမတ်ရှော်ဟီးတို့ ၆ ဦးကို တွေ့ရပြီး သုံးဘီးဆိုင်ကယ်တစ်စီး၊ မော်တော်ဆိုင်ကယ် ၂ စီးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်း၊ မြန်မာငွေကျပ် ၉ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ဒေသကာလတန်ဖိုး ငွေကျပ် ၁ ဒသမ ၄၆ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၉ ဒသမ ၇၅ သိန်းကျော် သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်