နေပြည်တော်၊ မတ် ၃၀
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ၏ (၂၁)ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းတွင် ကျင်းပသည်။
အစည်းအဝေးတွင် ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံပိုလျှံရေးနှင့် လယ်ယာထွက်ပြည်ပပို့ကုန်ကဏ္ဍ တိုးမြှင့်ရေးအတွက် ဆန်စပါး၊ ပဲမျိုးစုံ ဆီထွက်သီးနှံနှင့် စက်မှုကုန်ကြမ်းသီးနှံများ အပါအဝင် စီးပွားရေး တွက်ခြေကိုက်ပြီး အရည်အသွေးကောင်းသည့် သီးနှံများ တိုးတက်စိုက်ပျိုးထုတ်လုပ်နိုင်ရန် အရည်အသွေးပြည့်ဝသော မျိုးကောင်းမျိုးသန့် မျိုးစေ့များ ဖူလုံစွာအသုံးပြုနိုင်ရေးအတွက် အစိုးရအပိုင်းက မျိုးသစ်ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ တင်ပို့ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများကို ဥပဒေများနှင့်အညီ စိစစ်ထိန်းကျောင်းခြင်းအပြင် မျိုးစေ့ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ဘက်စုံကဏ္ဍစုံမှ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ မျိုးစေ့ဆိုင်ရာပုဂ္ဂလိကနှင့် တောင်သူများအနေဖြင့်လည်း တည်ဆဲဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။
အစည်းအဝေးသို့ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဝင်များ စုံညီစွာတက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပုဂ္ဂလိက ကုမ္ပဏီများက တင်ပြလာသည့် သီးနှံမျိုးသစ် အသိအမှတ်ပြု လက်မှတ်လျှောက်ထားလာမှုများကို အတည်ပြုပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ကုမ္ပဏီ၊ ဌာန၊ အဖွဲ့အစည်းများ၏ တင်ပြလာသော သီးနှံမျိုးသစ်အသိအမှတ်ပြုလက်မှတ် ရရှိရေး တင်ပြလျှောက်ထားလာမှုများကို သက်ဆိုင်ရာ ပညာရှင်အစုအဖွဲ့များက စိစစ်ပြီး သီးနှံမျိုးစေ့ ဆိုင်ရာနည်းပညာကော်မတီမှတစ်ဆင့် ထောက်ခံတင်ပြလာသော ကိစ္စရပ်များကို မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (NSC) အစည်းအဝေးများတွင် ဆွေးနွေးစိစစ်ပြီး သီးနှံမျိုးသစ်အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးခဲ့ရာ (၂၀)ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံ (၇၆) မျိုး၏ မျိုးကွဲ (၁၃၂၀) နှင့် မိဘမျိုးလိုင်း (၁၆၈) လိုင်း၊ စုစုပေါင်း (၁၄၈၈) မျိုးတို့ကို အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ကျင်းပသည့် (၂၁) ကြိမ်မြောက် အစည်းအဝေးတွင် သီးနှံ (၃)မျိုး၏ မျိုးပြား (၁၂)မျိုးနှင့် အချက်အလက် စာရွက်စာတမ်းများ ပြည့်စုံစွာတင်ပြလာသော သီးနှံ (၁၃)မျိုး၏ မျိုးပြား (၂၈)မျိုး၊ စုစုပေါင်း မျိုးသစ် (၄၀) တို့ကို ထပ်မံစိစစ်ပြီး မျိုးသစ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


