(၁၆-၃-၂၀၂၂ ရက်နေ့မှအဆက်) 

အနာထပိဏ်သူဌေး ဆောက်လုပ်လှူဒါန်းသော ဇေတဝန်ကျောင်းတော်ကြီးလက်ခံရန်  သာဝတ္ထိပြည်သို့ ဘုရားရှင်ကြွရောက်ခြင်း

အနာထပိဏ်သူဌေးကြီးသည် ဘုရားရှင်အား လှူဒါန်းရန် ဆောက်လုပ်ထားသော ဇေတဝန် ကျောင်းတော်ကြီးကို ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်၍ ဘုရားရှင်အားဇေတဝန်ကျောင်းတော်ကြီး လက်ခံ ရန်၊  သာဝတ္ထိပြည်သို့ပင့်ဖိတ်ရန်   သူကြွယ်တမန် တစ်ဦးကို အခြံအရံများနှင့်တကွ စေလွှတ်လေသည်။ ထိုတမန်တော်သည်      ရာဇဂြိုဟ်ပြည်      ဝေဠုဝန်ကျောင်းတော်သို့သွား၍ အနာထပိဏ်သူဌေးကြီး ပြောသည့်အတိုင်း ဘုရားရှင်အား ဇေတဝန်ကျောင်း တော်ကြီးအားလက်ခံရန် သာဝတ္ထိပြည်သို့ကြွရောက် ပါရန် လျှောက်ထားလေသည်။ 

ထိုအခါ  ဘုရားရှင်သည်  အကြောင်းသုံးချက် စဉ်းစားပါသည်။  (၁)သာဝတ္ထိပြည်တွင် ကာလ ရှည်ကြာစွာ သီတင်းသုံးတော်မူအံ့သောအကြောင်း၊ (၂) အတိုင်းမသိသော ဘုရားကျေးဇူးတော်၏ ကျော်စောပျံ့နှံ့အံ့သောအကြောင်း၊   (၃) ပြည်သူ ပြည်သားများစွာတို့ အကျွတ်တရားတို့ကို  ရလတ္တံ့သော  အကြောင်းတို့ကို မြင်တော်မူပြီး    ရဟန်းအပေါင်းခြံရံလျက်     တတိယဝါကျွတ်သောအခါ ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှ သာဝတ္ထိပြည်သို့ ခရီးဒေသစာရီကြွတော်မူလေသည်။ 

ရာဇဂြိုဟ်ပြည်နှင့်  သာဝတ္ထိပြည်သည်  ၄၅ ယူဇနာကွာဝေးသည်။ အနာထပိဏ်သူဌေးကြီးသည်  ဘုရားရှင် ဤသို့သွားလာသောအခါ၌  လမ်းခရီးတွင်အနားယူရန်     ကျောင်းဆောင်တစ်ဆောင်စီကို  တစ်ယူဇနာခြားကြိုတင်စီစဉ်ဆောက်လုပ်ထားပါသည်။    ထိုအခါ ဘုရားရှင်သည်   တစ်ယူဇနာ ကျောင်းဆောင်တွင်      တစ်ညဝင်နားပါသည်။ စံတော်မူပါသည်။  လမ်းခရီးကြားတွင်  ဝေသာလီ ပြည်သို့ဝင်၍ မဟာဝုန်တောကြီး၌ စုလစ်မွန်းချွန်၊ အထွတ်တပ်ထားသော “ကူဋာဂါရ” ပြာသာဒ်၌ ခေတ္တသီတင်းသုံးသည်။ ထို့နောက် သာဝတ္ထိပြည်သို့ ခရီးဆက်လေသည်။ 

ဤသို့ ဘုရားရှင်သည် သာဝတ္ထိပြည်သို့ ကြွလာပြီဆိုသောသတင်းကို သူဌေးကြီးကြားသော် ပသေနဒီကောသလမင်းကြီးအား ဘုရားရှင်သည် ကျွန်ုပ်တို့ပြည်သို့ကြွလာသည့်အတွက် ကျွန်ုပ်တို့ နှစ်ဦးတွင် မင်္ဂလာဖြစ်လာရပါသည်ဟု လျှောက်ထားပါသည်။  ထို့အပြင်  မင်းကြီးအား  သူဌေးကြီးက မင်းကြီး၏သမီးတော် သုမနာအား သတို့သမီး ငါးရာ ခြံရံလျက် ကြိုဆိုပင့်ဆောင်ရန်  စေလွှတ်တော်မူပါ ဟု  လျှောက်ထားလေသည်။ 

မင်းကြီးကလည်း အလွန်နှစ်ခြိုက်၍ သမီးတော် သုမနာအား စေလွှတ်တော်မူသည်။ သုမနာမင်းသမီး သည် အသက်ခုနစ်နှစ်အရွယ်သာရှိသည်။ အခြွေအရံ ငါးရာနှင့်အတူ ဘုရားရှင်အား အမွှေးနံ့သာပန်းများဖြင့် ပင့်ဆောင်ဆီးကြိုလေသည်။ ဘုရားရှင်ကလည်း တရားများ ဟောကြားလိုက်သဖြင့် သုမနာမင်းသမီးနှင့် ငါးရာသော အခြွေအရံတို့သည်သောတာပန် ဖြစ်လေသည်။   အနာထပိဏ်သူဌေးကြီးသည် သုမနာမင်းသမီး ကြိုခိုင်းသည့်အပြင် သူ၏သားကြီး ကာလသတို့သားအားသူဌေးသား လုလင်ငါးရာ ခြံရံလျက် ဘုရားရှင်အား ကြိုဆိုပင့်ဆောင်ရန်စေလွှတ်ခဲ့ပါသည်။ ထို့အပြင် သူ၏သမီးတော်စူဠသုဘဒ္ဒါနှင့် မဟာသုဘဒ္ဒါတို့အား ရေအပြည့်ဖြည့်ထားသော အိုးများရွက်လျက် ဘုရားရှင်အား ကြိုဆိုစေသည်။ (အခြွေအရံသူဌေးသမီး  ငါးရာနှင့်အတူစေလွှတ်သည်)။ 

သူ၏ဇနီး  သူဌေးကတော်  ပုညလက္ခဏာကိုလည်း သူဌေးကတော်ငါးရာနှင့်အတူ နံ့သာခွက်များ ကိုင်ဆောင်လျက်    လိုက်ပါပင့်ဆောင်စေခဲ့ပါသည်။ ၎င်းတို့၏နောက်မှ သူဌေးကြီးသည် သူဌေးသူကြွယ် ငါးရာခြံရံလျက် ဘုရားရှင်ကိုပင့်ဆောင်လေသည်။ အတုမရှိတန်ခိုးတော်အနန္တနှင့် ပြည့်စုံ၍ ကျက်သရေ ရှိသော  ဘုရားရှင်လည်း    ယင်းပရိသတ်များကို ရှေ့မှထား၍ ရဟန်းသံဃာအပေါင်းခြံရံလျက် စေတဝန်ကျောင်းတော်သို့ ကြွတော်မူလေသည်။ 

နောက်တစ်နေ့၌ အနာထပိဏ်သူဌေးကြီးသည် ဤကျောင်းတော်၌အလှူကြီး ခမ်းနားကြီးကျယ်စွာ ကျင်းပလေသည်။ ဆွမ်းစားချိန် ရောက်သောအခါ ဘုရားရှင်နှင့်တကွ ရဟန်းသံဃာတော်တို့အား အသင့်ပြင်ဆင်စီမံထားသော  အရသာပြည့်စုံသည့် ဆွမ်းကပ်ရန်အတွက်သူ့အိမ်သို့ ပင့်ဖိတ်ခေါ်ဆောင် သွားလေသည်။ ဘုရားရှင်တို့ ဆွမ်းဘုဉ်းပေးပြီးသောအခါ  သူဌေးကြီးက  ဘုရားရှင်အား ဇေတဝန် ကျောင်းတော်ကိုမည်ကဲ့သို့    ရေစက်ချလှူဒါန်းရမည်ကို   လျှောက်ထားလေသည်။ ဘုရားရှင်က သူဌေးကြီးအား ရောက်ပြီး၊ ရောက်ဆဲ၊ ရောက်လတ္တံ့လာသော အရပ်လေးမျက်နှာရှိ    ရဟန်းသံဃာတော် အားရည်စူး၍   လှူဒါန်းပါဟု ပြောကြားလေသည်။

သူဌေးကြီးသည်   ဘုရားရှင်မိန့်တော်မူသည့်အတိုင်း ဇေတဝန်ကျောင်းတော်ကြီးကို “အာဂတာ နာဂတ-စတုဒ္ဒိသာသံဃိက” ရေစက်ချ၍ လှူဒါန်းလေသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်ကြီးကို အလှူခံပြီး ငါးဂါထာဖြင့် အနုမောဒနာတရားတော်ကို ဟောကြားတော်မူလေသည်။ ထို့နောက် ဘုရားရှင်သည် သူဌေးအိမ်မှ ဇေတဝန်ကျောင်းတော်သို့ ပြန်လေသည်။ သူဌေးကြီးသည် ဤကျောင်း တော်ကြီးကို လှူပြီးနောက် ထိုသို့ ရေစက်ချအလှူ ပွဲကြီးကိုကျင်းပရာတွင် “သပရိဝါရဒါန” ဖြစ်စေခြင်း အကျိုးငှာ ပုဏ္ဏားရှင်လူအမျိုးလေးပါးတို့အား ရွှေငွေဥစ္စာ စွန့်ကြဲပေးလှူပွဲသဘင်ကို ကျင်းပပြုလုပ်လေ သည်။  ဤသို့  အသပြာတစ်ဆယ့်ရှစ်ကုဋေကုန်အောင် ဆောက်လုပ်ထားသည့် ဇေတဝန်ကျောင်း တော်ကြီး ရေစက်ချအလှူပွဲကြီးသည် ကိုးလကြာမှ ပြီးစီးသည်။ 
သူဌေးကြီးသည် ဇေတမင်းသားထံမှ  ဥယျာဉ်တော်ကို    တစ်ဆယ့်ရှစ်ကုဋေဖြင့်  ဝယ်သည်။ ကျောင်းဆောက်လုပ်ရာ၌    တစ်ဆယ့်ရှစ်ကုဋေကုန်သည်။  အလှူတော်ရေစက်ချပွဲ   ကျင်းပရာ၌ တစ်ဆယ့်ရှစ်ကုဋေကုန်သည်။ စုစုပေါင်း ငါးဆယ့်လေးကုဋေ ကုန်ကျခံ၍   သာသနာတော်၌  စွန့်ကြဲ လှူဒါန်းပါသည်။ ဘုရားရှင်သည် ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေစဉ် စူဠအနာထပိဏ်သူဌေးကြီး၊ ကောသလမင်းကြီးစသော ဥပါသကာများနှင့် ဥပ္ပလဝဏ်၊ မလ္လိကာစသော ဥပါသိကာမအပေါင်း တို့အား ဘုရားရှင်က တရားရေအေး   အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။ 

သူဌေးကြီးသည် ဇေတဝန်ကျောင်းတော်ကြီးကို လှူပြီးနောက် နေ့စဉ်ကျောင်းတော်သို့ (နေ့၊ ည) တစ်နေ့ နှစ်ကြိမ် သွားရောက်၍ လှူဖွယ်ပစ္စည်းနှင့်တကွ ဘုရားရှင်နှင့် အခြံအရံဖြစ်သော သံဃာတော်များအား သွားရောက်ဆက်ကပ်လေသည်။ 

ညီတော်နန္ဒမထေရ်ကို နတ်သမီးနှင့်မျှား၍ ချွတ်ခြင်း

နန္ဒမထေရ်သည်  အစ်ကိုတော်ဘုရားရှင်ကစေခိုင်း၍  ရဟန်းဝတ်ရသည်။   ရဟန်းဝတ်ဖြင့် သူမပျော်ပိုက်ပါချေ။        သူ့ကို သတို့သမီးလောင်း ဇနပဒကလျာဏီ၏ ‘မောင်တော် အမြန်ပြန်လာ’ဟု မှာလိုက်သောအသံကိုသာ   သူ့နားတွင်  ကြားနေသည်။          ထို့ကြောင့်  စားမဝင်၊ အိပ်မပျော်၊ ဇနပဒကလျာဏီကိုသာ တမ်းတလွမ်းနေပါသည်။ သူလူထွက်လိုသောဆန္ဒ ရှိပါသည်။ ယင်းအချက်ကို ရဟန်းများကမြင်၍ နန္ဒမထေရ်သည် ရဟန်းဝတ် နှင့်မပျော်၊ လူထွက်လိုကြောင်းကို ဘုရားရှင်အား လျှောက်ထားကြပါသည်။ ထိုအခါ ဘုရားရှင်သည် ညီတော်နန္ဒမထေရ် လူထွက်လိုသည့်ဆန္ဒရှိသည်မှာ မှန်သလောဟု မေးသည်။ ညီတော်ကလည်း မှန်ပါသည်။   သူ့ကိုမှာလိုက်သော    ဇနပဒကလျာဏီ ပြောလိုက်သော မောင်တော်မြန်မြန်ပြန်လာပါဆိုသည်ကိုသာ သူ့နားတွင်ကြားနေကြောင်း လျှောက်ထားပါသည်။ 

ဘုရားရှင်လည်း ညီတော်မင်းနန်အား ခေါ်၍ ဒေသစာရီ ကြွတော်မူမည်၊  သူနှင့်အတူ လိုက်ခဲ့ရန် မိန့်မြွက်ပါသည်။    ညီတော်မင်းနန်ကိုခေါ်၍ တောခရီးကြွတော်မူခဲ့ပါသည်။ တော၏ မီးလောင် ပြင်တစ်ခုတွင်  သစ်ငုတ်တို၌ ထိုင်နေသော ပါးရေတွန့်၊ နံရိုးအပြိုင်းပြိုင်းနှင့်ရှိသော မျောက်အိုမကြီး တစ်ကောင်ကို တွေ့ပါသည်။ ထိုအခါ ဘုရားရှင်က ညီတော်နန္ဒမထေရ်ကို မေးသည်။ ဤမျောက်မကြီးနှင့်      ဇနပဒကလျာဏီ    ဘယ်သူပိုချောသလဲ မေးခြင်းကို ညီတော်နန္ဒမထေရ်သည် ဘုရားအား အပြစ်တင်သည်။ ကိုယ်ချင်းမစာပြောရက်လေခြင်းဟု သူထင်ခဲ့ပါသည်။ ထင်သည့်အတိုင်း ဘုရားအား မထောက်မညှာ ပြောရက်လေသည်ဟု ပြန်ပြောလေသည်။ ဘုရားကလည်း သူ့အားဖြေ၍ ပြောခြင်းသာ ဖြစ်ကြောင်း ပြောလိုက်လေသည်။ 

ဘုရားရှင်သည်     တာဝတိံသာနတ်ပြည်သို့ တက်ကြွတော်မူလေသည်။ ညီတော်မင်းနန်မထေရ်လည်း နောက်ပါလိုက်လာလေသည်။  နတ်လမ်းမတွင် ဝေဇယန္တာနန်းရင်ပြင်၌ သိကြားမင်းအား စံစားရန် လာကြသည့် နတ်သမီးများနှင့် မျက်နှာချင်းဆိုင် တွေ့ကြလေသည်။ နတ်သမီးများကလည်း အလွန် လှပချောပါသည်။ ထိုအခါ ဘုရားရှင်က သူ့ညီတော် နန္ဒမထေရ်အား ယခုနတ်သမီးများနှင့် သင့်ဇနပဒ ကလျာဏီ  ဘယ်သူက  ပိုလှသလဲဟူ၍ မေးသည်။ ထိုသို့မေးသောအခါ ညီတော်နန္ဒမထေရ်က ယင်းနတ်သမီးများနှင့်  နှိုင်းယှဉ်ပါက     သူ့ဇနပဒကလျာဏီသည် မျောက်အိုမနှင့်သာ တူပါသည်ဟု ပြန်ဖြေလျှောက်ထားလေသည်။  

ထိုအခါ ဘုရားရှင်က  ညီတော်နန္ဒကို    သူ၏ သာသနာတော်၌        မြတ်သောအကျင့်ကိုကျင့်ပါ။ ဤနတ်သမီးများရစေရမည်ဟု   တာဝန်ခံကြောင်း ပြောကြားလေသည်။  ဤသို့ဘုရားရှင်ပြောကြား ချက်ကို ညီတော်နန္ဒမထေရ်သည် ဤသို့နောင်တော် တာဝန်ယူလျှင် သူသည် ဘုရား၏ သာသနာတော်တွင်   ကျင့်ပါမည်ဟု   လျှောက်ထားလေသည်။ ဘုရားရှင်လည်း ညီတော်နန္ဒမထေရ်အားခေါ်၍ ဇေတဝန်ကျောင်းတော်သို့ ပြန်ကြွလာလေသည်။ 
ဘုရားရှင်ကလည်း လာသမျှရဟန်းများအား ညီတော်နန္ဒမထေရ်အား သူ့တရားကိုကျင့်လျှင် သူနတ်သမီးများရစေမည်ဟု   တာဝန်ယူကြောင်း ပြောကြားလေသည်။

(ဆက်လက်ဖော်ပြပါမည်)