ငပလီ မတ် ၃၁
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းလုံး၌ ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုလျက်ရှိရာ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ရှိ စာစစ်ဌာန(၂)ခုတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
သံတွဲမြို့နယ်၊ ငပလီမြို့အတွင်းရှိ စာစစ်ဌာန(၂)ခုတွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ၇၈၅ ဦး ရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၇၅၇ ဦးရှိပြီး ပျက်ကွက်သူဦးရေ ၂၈ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များက စာစစ်ဌာနများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်အေး(ငပလီပြန်/ဆက်)


