ပဲခူး မတ် ၃၁
ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်တွင်း/ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာသဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းများစွာ ဖန်တီးပေးလျက် ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးလာသည့် မြို့ပြလူနေမှု အခြေအနေများအတွက် ဆိုလာစနစ်ဖြင့် လျှပ်စစ်ထုတ် လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မတ်လ ၃၀) ရက် မွန်းလွဲပိုင်းက ကျင်းပသည့် ပဲခူးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး (၃/၂၀၂၂) တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် က ရင်းနှီးမြှုပ်နှံသူများနှင့်ပတ်သက်၍ အခက်အခဲ တစ်စုံတစ်ရာ ရှိလာပါက ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း ကုမ္ပဏီ (၂) ခု၊ သီးသန့်တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်းကုမ္ပဏီ (၃) ခုနှင့် ကုမ္ပဏီအသစ် လျှောက်ထားခြင်း (၁) ခုတို့၏ တင်ပြချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များက အကြံပြု ဖြည့်စွက်တင်ပြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရှင်းလင်းတင်ပြချက်များအရ ပဲခူးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ (၆ ဒသမ ၈၀၃) သန်း ထပ်မံဝင်ရောက်လာသဖြင့် လူဦးရေ (၁၀၃၁) ဦး အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ထပ်မံဖန်တီးပေးနိုင်မည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအထိ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုနှင့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ (၁၁၇ ဒသမ ၆၁၂) သန်းနှင့် မြန်မာ ကျပ်ငွေ (၈၃၂၉ ဒသမ ၁၅) သန်း ဝင်ရောက်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်း (၅၉၈၄) ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


