နေပြည်တော်၊ မတ် ၃၁
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက် ညနေ ၃ နာရီတွင် မြိတ်မြို့ ကန်ခေါင်းရပ်ကွက်နေ အောင်စိုး၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၁,၀၀၀ ကိုလည်းကောင်း၊ မတ် ၃၀ ရက် ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန် မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၁၁၇ လမ်း၊ ၅၈ လမ်းနှင့် ၅၉ လမ်းကြားတွင် တင်လင်း (ခ) မျိုးဇော် နှင့် ငြိမ်းမင်းသူ (ခ) ငြိမ်းမင်းတို့ကို မသင်္ကာဖွယ် တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ညနေ ၄ နာရီတွင် ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်ရပ်ကွက်၊ ၅၆ လမ်း၊ ၁၀၁ လမ်းနှင့် ၁၀၂ လမ်းကြားတွင် သန်းဇော်ကိုလည်းကောင်း ဖမ်းဆည်းရမိခဲ့သည်။
အလားတူ မတ် ၃၀ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် (၁၇) ရပ်ကွက်၊ ကြက်ခြံလမ်းတွင် ဝင်းထွန်းနိုင်မောင်းနှင်ပြီး ရဲမင်းပိုင် လိုက်ပါလာသည့် Caldina အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၂၀၀ နှင့် ဆေးခြောက် သုည ဒသမ ၅ ကီလိုတို့ကိုလည်းကောင်း။
မတ် ၂၉ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့၊ ပါဟက်ရပ်ကွက်၊ အိုရီယမ်တယ် တိုးဂိတ်အနီး၊ မန္တလေး - လားရှိုးသွား ကားလမ်းတွင် အောင်ကျော်ဇော မောင်းနှင်လာသည့် TOYOTA FIELDER အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၃ ဒသမ ၃ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မတ် ၃၀ ရက် မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်တွင် မတင်အေး (ခ) အေခမ်းအား မံစီမြို့၊ ဂျိန်းဖော့မြေရပ်ကွက်၊ ဇော်ဂျွန်းလမ်းဆုံ၌ မြန်မာငွေကျပ် ၅ သိန်းဖြင့်လည်းကောင်း၊ မွန်းလွဲ ၁၂ နာရီခွဲတွင် နိုင်လင်းအား ရွှေကူမြို့၊ အမှတ် (၃) ရပ်ကွက်ရှိ ကားဂိတ်၌ သုံးဘီးမော်တော် ဆိုင်ကယ်တစ်စီးဖြင့်လည်းကောင်း၊ မွန်းလွဲ ၁ နာရီတွင် မသန်းသန်း (ခ) ဝင်းမော်သန်း ကို ရွှေကူမြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား