နေပြည်တော် မတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းရှိ ၂၀၂၂ နှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာနသို့ရောက်ရှိပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာ တာ၀န်ရှိသူများအား ၂၀၂၂ ပြည့်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက် ဖြေဆိုကြသည့် ကျောင်းသား ကျောင်းသူများ စည်းကမ်းရှိစွာဖြင့် စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေး၊ ကြီးကြပ်ရေးမှူး၊ လက်ထောက်ကြီးကြပ်ရေးမှူးများ လိုက်နာ ဆောင်ရွက်ကြရမည့် တာ၀န်၀တ္တရားများကို ကျေပွန်စွာဆောင်ရွက်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်း၀န်း ကူညီဆောင်ရွက်ပေးကြရန် မှာကြားသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်အား မြန်မာနိုင်ငံ တစ်၀န်းလုံးရှိ ပြည်တွင်းစာစစ်ဌာန (၁၂၃၈) ခုနှင့် နိုင်ငံခြားစာစစ်ဌာန (၂၀) ခု၊ စာစစ်ဌာန စုစုပေါင်း (၁၂၅၈) ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း (၃၁၂၄၂၀) ဦး စာရင်းပေးသွင်းကြပြီး ( ၂၈၁၇၄၁ ) ဦး ၀င်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း (၅၂) ခုတွင် စာမေးပွဲ ဖြေဆိုရန် စုစုပေါင်း (၁၇၂၂၈) ဦး စာရင်းပေးသွင်းကြပြီး (၁၆၁၀၉) ဦး ၀င်ရောက်ဖြေဆိုကြကြောင်း သိရသည်။
သတင်းစဉ်