ဧပြီ ၁
တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ပိုင်းမြို့တွင် တောင်ကိုရီးယားလေတပ်၏ လေ့ကျင့်ရေးဂျက်လေယာဉ်နှစ်စင်း ပျံသန်းနေစဉ် တိုက်မိပြီး ပျက်ကျခဲ့သဖြင့် လူသုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းအေဂျင်စီက ယနေ့သတင်းဖော်ပြထားသည်။
ဆိုးလ်မြို့တော်၏ အရှေ့တောင်ဘက် ကီလိုမီတာ ၄၄၀ အကွာခန့်ရှိ ဆာချွန်မြို့တွင် ဒေသစံတော်ချိန် ၁ နာရီ ၃၆ မိနစ်က KT-1 လေ့ကျင့်ရေးဂျက်လေယာဉ်နှစ်စင်း လေ့ကျင့်ပျံသန်းနေစဉ်အတွင်း တိုက်မိပြီး မြေပြင်သို့ပျက်ကျခဲ့သည်။
အဆိုပါဂျက်လေယာဉ်များ ပေါ်ပါလာသူလေးဦးအနက် သုံးဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
ထိုလေယာဉ်များပျက်ကျရာနေရာအနီးရှိ လူနေအိမ်များမှ ထိခိုက်၊ သေဆုံးမှုမရှိဟု သိရသည်။
မီးသတ်အာဏာပိုင်များက ယင်းနေရာသို့ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်ရန် ယာဉ် ၁၄ စီးနှင့် လူ ၃၅ ဦးကို စေလွှတ်ထားသည်။
သက်ဆိုင်ရာ အာဏာပိုင်များက ထိုမတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို တိတိကျကျသိရှိရန် စုံစမ်းစစ်ဆေးသွားမည် ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို