ဘားအံ ဧပြီ ၁
ကျေးလက်နေပြည်သူများ လယ်ယာထုတ်ကုန်မှ ဝင်ငွေရရှိစေရေးနှင့် ဆက်စပ်စက်မှုလုပ်ငန်းများတိုးတက် လာစေရေးအတွက် ၂၀၁၃ ခုနှစ်တွင် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် နီပွန်ဖောင်ဒေးရှင်းတို့ MoU ရေးထိုး ဆောင်ရွက်ခဲ့သော ကရင်ပြည်နယ် ဆေးဘက်ဝင်အပင်အရင်းအမြစ်စင်တာအား ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို မတ် ၃၁ ရက်က အဆိုပါစင်တာ၌ ကျင်းပခဲ့သည်။
လွှဲပြောင်းပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမှာစကား ပြောကြားပြီး ကရင်ပြည်နယ် ဆေးဘက်ဝင် အပင်အရင်းအမြစ်စင်တာမှ Project-Operation Manager ဒေါ်ချောစုလင်းက လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ် ဆေးဘက်ဝင်အပင် အရင်းအမြစ်စင်တာအား ပြည်နယ်ဝန်ကြီးချုပ်ထံ လွှဲပြောင်းပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က The Nippon Foundation အဖွဲ့အား အမှတ်တရလက်ဆောင် ပြန်လည်ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် နီပွန်ဖောင်ဒေးရှင်းမှ လွှဲပြောင်းပေးအပ်သော စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ယန္တရားများ၊ အခြောက်ခံစက်များ၊ အရည်အသွေး ထိန်းသိမ်းခန်း၊ ထုတ်ပိုးခန်းများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


