ယူကရိန်း- ရုရှားစစ်မှာ ယူကရိန်းကိုမြှောက်ပေး၊ sanctions ပေါင်းစုံ အထောက်အပံ့မျိုးစုံနဲ့ ကမ္ဘာပတ်အဖော်ညှိ၊ ကမ္ဘာ့ပြဿနာအဖြစ် မရမက ဖန်တီးနေတဲ့ အမေရိကန်ကြီးဟာ မြန်မာနိုင်ငံဘက် တစ်မျိုးတစ်ဖုံနဲ့ လှည့်လာပြန်ပါပြီ။
မြန်မာနိုင်ငံအပေါ် မဟုတ်မတရားစွပ်စွဲချက်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဟိုလိုကော့စ် အထိမ်းအမှတ်ပြတိုက်မှာ Burma's path to genocide ဆိုတဲ့ မြန်မာအမည်ကိုသုံးပြီး မြန်မာ့တပ်မတော်အနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ဘင်္ဂါလီအသိုက်အဝန်းအပေါ် လူမျိုးတုံးသတ်ဖြတ်၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြောင်း တပ်မတော်နေ့မတိုင်မီလေးမှာ မြန်မာနိုင်ငံအပေါ်မဟုတ် မတရားစွပ်စွဲချက်နဲ့ပတ်သက်ဆက်နွှယ်တဲ့ ကိစ္စရပ်တွေကို တင်ပြလိုပါတယ်။
ဒီစွပ်စွဲချက်ဟာ နိုင်ငံတကာအရေးမှန်သမျှ မဟုတ်တာကို အဟုတ်လုပ်၊ ကလိမ်စေ့ငြမ်းဆင် ပါဝင်ပတ်သက်နေတဲ့ အမေရိကန်နိုင်ငံအနေနဲ့ ကိုယ့်ပယောဂနဲ့ကိုယ်၊ ကိုယ်ရှူးကိုယ်ပတ်ဘဝ ရောက်နေတဲ့အချိန်အခါနဲ့လည်း တိုက်ဆိုင်နေပါတယ်။ ရေနံအတွက် ရတက်မအေး မဖြေရှင်းနိုင်တဲ့ သမ္မတဘိုင်ဒင်အစိုးရဟာ သိက္ခာဆယ်တဲ့အနေနဲ့ မြန်မာနိုင်ငံမှာမရှိတဲ့လူမျိုးကို လိမ်လည်ပြီး “ရို” အရေးကို ပြန်လည်ပွဲထုတ်လာခြင်းဟာ နိုင်ငံနဲ့ နိုင်ငံသားတွေအတွက်တော့ အထူးဂရုစိုက်စရာ မလိုပါဘူး။ ဒါပေမဲ့ ပေါ့လို့တော့မရ။ သတိတော့ ထားရမယ့်ကိစ္စတစ်ခုဖြစ်နေပါတယ်။ “ရို” တွေကို လူမျိုးတုံးသတ်ဖြတ်ပါတယ်ဆိုပြီး ဆားဗီးယားလို အဖြစ်မျိုးရောက်အောင် အကွက်ချတဲ့သဘောမျိုး ပုံဖော်လာနေတာ တွေ့ရပါတယ်။
ဖြစ်ထွန်းလာတဲ့ နိုင်ငံတကာဆက်ဆံရေးကို နှောင့်နှေးစေလိုတာလား
ဒီကိစ္စဟာ လတ်တလော အရှေ့အလယ်ပိုင်း ရေနံသူဌေး၊ အမေရိကန်ရဲ့မဟာမိတ် ဆော်ဒီ အာရေဗျနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးဖြစ်ထွန်းမှု ရဲ့ နောက်ဆက်တွဲဂယက်တစ်ခုလို့လည်း ဆိုနိုင် ပါတယ်။ မြန်မာ - ဆော်ဒီဆက်ဆံရေးခြေလှမ်းကို အမေရိကန်အနေနဲ့ အလွန်အလေးအနက်ထားမှန်း သိသာပါတယ်။ မြန်မာနဲ့ “ရို” အရေးမှာ sensitive ဖြစ်လွန်းတဲ့ အစ္စလာမ်နိုင်ငံတွေ ယခုလို မြန်မာနဲ့ အလွမ်းသင့်လာတာကို အမေရိကန်အနေနဲ့ ဘယ်လိုမှ ဖြေဆည်လို့မရတဲ့အတွက် ဆက်ဆံရေး နှောင့်နှေးသွားအောင် လုပ်ချင်တဲ့သဘောတွေ့နေ ရပါတယ်။
ဒီလို တစ်ဖက်သတ် ဝင်ရောက်စွက်ဖက်တဲ့ စွပ်စွဲချက်ကို မြန်မာနိုင်ငံဘက်ကလည်း အကျိုး အကြောင်းညီညွတ်စွာနဲ့ ပြင်းပြင်းထန်ထန်ကန့်ကွက်၊ ပြတ်ပြတ်သားသားပယ်ချခဲ့ပြီးလည်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း မတရားစွပ်စွဲ ချက်ဖြစ်နေတဲ့အတွက် ပယ်ချကန့်ကွက်ရမယ့် ကိစ္စ ဖြစ်ပါတယ်။
တိုက်ဆိုင်နေတဲ့ ပြည်တွင်းကိစ္စရပ်အချို့နဲ့ ဆက်စပ်စဉ်းစားနိုင်
မြန်မာဘက် စကားဦးသန်းနေတဲ့အရေးမှာ အထက်ပါ ပြည်ပကိစ္စရပ်တွေအပြင် ပြည်တွင်း တိုက်ဆိုင်မှုတချို့နဲ့လည်း ဆက်စပ်နေတာ မြင်ရပါလိမ့်မယ်။ တပ်မတော်နေ့နဲ့တိုက်ဆိုင်ပြီး ထိုးနှက် လာတာ၊ ဒဏ်ခတ်ပိတ်ဆို့မှုတချို့ ပြန်လည်ပြုလုပ်လာတာနဲ့ ပြည်နယ်ဒေသတချို့မှာ ပြည်ပ အထောက်အပံ့ရယူထားတဲ့ EAO အချို့ရဲ့ တိုက်ပွဲတွေ ဖန်တီးလာမှုတွေဟာ သာမန်သွေးရိုးသားရိုး တိုက်ဆိုင်မှုတော့ မဟုတ်ဘူးလို့ မြင်မိပါတယ်။ ဒါ့အပြင် ICJ မှာဂမ်ဘီယာက မြန်မာအပေါ် ယခင်တရားစွဲဆိုထားတဲ့ကိစ္စကလည်း မရေမရာနဲ့ ပြီးပြတ်သေးတာမဟုတ်ပါဘူး။ တရားစွဲသင့်/မသင့် လျှောက်လဲတဲ့အဆင့်ပဲ ရှိနေသေးတဲ့အနေအထားမှာ အမေရိကန်အနေနဲ့ ICJ အပေါ် ဝင်ရောက်လွှမ်းမိုး ခြယ်လှယ်မှုတစ်ခုအဖြစ် မှတ်ယူစရာရှိလာပါတယ်။
ယခုလို တိုက်ဆိုင်မှုတွေ၊ အကွက်ချမှုတွေအပြင် မြန်မာနိုင်ငံအပေါ် အမေရိကန်အနေနဲ့ ဒီလိုစွပ်စွဲ ချက်တွေကို ဘာကြောင့်အလောသုံးဆယ် သတ်မှတ်ပုံဖော်လာရပါသလဲ၊ ရုရှား- ယူကရိန်း စစ်ပွဲမှာ အမေရိကန်ရဲ့ ကျဆင်းနေပုံရတဲ့ ပါဝါအချို့ကို ပြန်လည်ထိန်းညှိဖို့ ကြိုးစားလာခြင်းကို ထင်ဟပ်စေတဲ့ သဘောလား။ သုံးသပ်ရမှာ ဖြစ်ပါတယ်။
ဩဇာပါဝါကျဆင်းလာနေပြီလား
တကယ်က ယူကရိန်းကို အကြီးအကျယ်ထောက်ပံ့နေတဲ့ အမေရိကန်ဟာ ယူကရိန်း - ရုရှား စစ်ပွဲမှာ ဩဇာကျဆင်းလာနေတာ တွေ့ရပါတယ်။ အမေရိကန်ရဲ့ပါဝါကျဆင်းလာရတဲ့အခြေအနေကို ပြန်ကြည့်ရင် ယူကရိန်းမှာရှိတဲ့ ဇီဝလက်နက်စက်ရုံက ဇီဝလက်နက်စီမံကိန်းကြီးကို ရုရှားတွေ သိမ်းပိုက်မိပြီး ကမ္ဘာကိုချပြရာက စလိုက်တယ်လို့ ဆိုရပါမယ်။ ဒီစီမံကိန်းဟာ သမ္မတဘီကလင်တန် လက်ထက်ကတည်းက ဟီလာရီကလင်တန် ဖောင်ဒေးရှင်းရဲ့ ငွေကြေးအထောက်အပံ့၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အထောက်အပံ့တွေနဲ့ လုပ်ကိုင်နေတဲ့ ကမ္ဘာဖျက်စီမံကိန်းတစ်ခုဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်တဲ့ ရုရှားနဲ့ တရုတ်တို့ ရဲ့ စွပ်စွဲချက်တွေကို အမေရိကန်အနေနဲ့ တိတိကျကျ ပြန်လည်မဖြေရှင်းနိုင်ခြင်းအပေါ် ကမ္ဘာကလက်ညှိုးထိုးစရာလည်း ဖြစ်နေပါတယ်။
နောက်တစ်ချက်က sanctions ကိစ္စ၊ ရုရှားဆီက ရေနံနဲ့သဘာဝဓာတ်ငွေ့ကိုမဝယ်ဖို့ အမေရိကန် ရဲ့တိုက်တွန်းချက်ကို ဥရောပနိုင်ငံတွေ မလိုက်နာနိုင် တဲ့ကိစ္စကလည်း ဥရောပနဲ့ အမေရိကန်တို့အကြား မှာ ကွဲလွဲချက်တစ်ခုဖြစ်နေပါတယ်။ ဒါ့ပြင် ရုရှားဆီက ရေနံကို လျှော့ဈေးနဲ့ဝယ်ဖို့ကြံနေတဲ့ အိန္ဒိယအပေါ် အမေရိကန်ရဲ့ ဝေဖန်မှုတွေကို AUKUS အဖွဲ့ဝင် အိန္ဒိယက ဂရုမစိုက်တဲ့သဘော ပြသနေ ခြင်းဟာ စိတ်ဝင်စားစရာဖြစ်ပါတယ်။ မြွေပူရာ ကင်းမှောင့်ဆိုသလို တရုတ်ကလည်း ရုရှားဆီက ရေနံကိုသာ ဝယ်ယူမှာဖြစ်ပြီး ရုရှား၊ တရုတ်နဲ့ အိန္ဒိယ ကုန်သွယ်အရောင်းအဝယ်မှာ ဒေါ်လာအစား ရူဘယ်၊ ယွမ်နဲ့ရူပီးတို့နဲ့သာ တိုက်ရိုက်ရောင်းဝယ်ကြမယ်ဆိုတဲ့အချက်ဟာ အမေရိကန်အတွက်တော့ ဒေါ်လာနေဝင်ချိန်အလား တွေးဆသုံးသပ်မှုတွေ ဖြစ်ပေါ်လာရပါတယ်။
ဒါ့ပြင် အိန္ဒိယနဲ့တူရကီက ရုရှားဆီက S 400 လေကာစနစ်တွေဝယ်မယ့်ကိစ္စမှာ မဝယ်ဖို့နဲ့ အမေရိကန်ရဲ့ တိုက်လေယာဉ် F 35 နဲ့အလဲအထပ်လုပ်ဖို့ မက်လုံးပေးသိမ်းသွင်းရာမှာလည်း နှစ်နိုင်ငံစလုံးက အမေရိကန်ရဲ့အလိုဆန္ဒကို မနာခံကြပါဘူး။ ဒီလိုဆန့်ကျင်ဘက်တွေအားလုံးဟာ အမေရိကန် အတွက်တော့ အနာပေါ်တုတ်ကျ အခံရခက်တဲ့ အနေအထားတစ်ခုအဖြစ် မှန်းဆလို့ရပါတယ်။
သမိုင်းအမှန် အမေရိကန်ဂျီနိုဆိုက်
ကမ္ဘာမှာ ဂျီနိုဆိုက်နဲ့ပတ်သက်လာရင် အမေရိကန်သမိုင်းမှာလည်း ဌာနေရက်အင်ဒီးယန်းတို့ အပေါ် အမေရိကန်တို့ ကျူးလွန်ခဲ့တဲ့ ဂျီနိုဆိုက်ဖြစ်စဉ်တွေကို လျစ်လျူမရှုသင့်ပါဘူး။ ယခုလက်ရှိ အမေရိကန်တွေ နေထိုင်တဲ့ တိုင်းပြည်ဟာ ယခင်ရက်အင်ဒီးယန်းတိုင်းရင်းသားတို့ရဲ့ ဌာနေပါ။ အချက်အလက်နဲ့ မီဒီယာမှတ်တမ်းတွေအရ အမေရိကန် လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ် ကာလအတွင်း အမေရိကန်ခေါင်းဆောင်တွေဟာ အင်ဒီးယန်းတွေနေထိုင်တဲ့ နေရာတွေကို နယ်မြေချဲ့ အကြိမ်ကြိမ် ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ပြီး ဌာနေအင်ဒီးယန်းတွေကို မောင်းထုတ်၊ ခေါင်းဆောင်စစ်သား အရပ်သားထောင်ပေါင်းများစွာကို လူမျိုးတုံးသတ်ဖြတ်ခဲ့ကြတဲ့ သမိုင်း ဖြစ်ရပ်မှန် ရှိခဲ့ဖူးပါတယ်။
တိုင်းရင်းသားတွေကို ခေါင်းဖြတ်၊ အရေခွံနွှာပြီး သားရေဖိနပ်လုပ်တဲ့အထိ ရက်ရက်စက်စက် သတ်ခဲ့ကြလို့ အမေရိကန်စစ်သားတွေဟာ သားသတ်သမားအဖြစ် အမည်တွင်ခဲ့ကြပါတယ်။ တိုင်းရင်းသားတွေဟာ အစာရေစာဖြတ်ခံရလို့ ငတ်ပြတ်သေဆုံးခဲ့ကြရပါတယ်။ အတင်းအဓမ္မ ရွှေ့ပြောင်းခံရပြီး အင်ဒီးယန်းယဉ်ကျေးမှုပပျောက် သွားရပါတယ်။ ထိုစဉ်က အမေရိကန်အစိုးရတွေရဲ့ အင်ဒီးယန်းတို့အပေါ်ပြုမူတဲ့ အပြုအမူတွေဟာ ဂျီနိုဆိုက်ပြစ်မှုမြောက်ခဲ့တယ်ဆိုတာ အငြင်းပွား ဖွယ်ရာမရှိဘူးလို့ဆိုရမှာဖြစ်ပါတယ်။
အမေရိကန်တို့ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့သော စစ်ပွဲများ
ကမ္ဘာမှာဖြစ်ခဲ့သမျှစစ်ပွဲအားလုံးရဲ့ ၈၀ ရာခိုင် နှုန်းဟာ အမေရိကန်ကတိုက်ရိုက်ကျူးကျော် သို့မဟုတ် သွယ်ဝိုက်စွက်ဖက်မှုတွေနဲ့ပတ်သက်နေပါတယ်။ အမေရိကန်တွေ ပါဝင်စွက်ဖက်မှုကြောင့် လူပေါင်း ၁၀ သန်းလောက် သေဆုံးခဲ့ကြတယ်လို့ သိရပါတယ်။ အနီးစပ်ဆုံး ဒုတိယကမ္ဘာစစ် နောက်ပိုင်း အမေရိကန်ပါဝင်ပတ်သက်ခဲ့တဲ့ စစ်ပွဲတွေနဲ့ ဝင်ရောက်စွက်ဖက်မှုတွေကိုပဲ လေ့လာကြည့်ကြရအောင်ပါ။
၁၉၄၆-၅၄ ပထမအင်ဒိုချိုင်းနားစစ်ပွဲ၊ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲ၊ ၁၉၅၃ အီရန်မှာ အာဏာသိမ်းမှု၊ ၁၉၅၃-၇၅ လာအိုပြည်တွင်းစစ် ၊ ၁၉၅၈ လက်ဘနွန် ပြဿနာနဲ့ ပြည်တွင်းစစ်၊ ၁၉၆၁ ကျူးဘားဝက် ပင်လယ်အော်တိုက်ပွဲ၊ ၁၉၆၄ ကွန်ဂိုပြည်တွင်းစစ်၊ ၁၉၆၅-၇၅ ဗီယက်နမ်စစ်ပွဲ၊ ၁၉၆၅-၈၃ ထိုင်း ကွန်မြူနစ်သူပုန်နှိမ်နင်းရေး၊ ၁၉၆၅-၆၉ ကိုရီးယား စစ်ပွဲ၊ ဒိုမီနီကန်ပြည်တွင်းစစ်နဲ့ ဘိုလီးဗီးယား ပြည်တွင်းသောင်းကျန်းမှု၊ ကမ္ဘောဒီးယားပြည်တွင်း စစ်၊ တောင်ပိုင်းဇိုင်ယာစစ်ပွဲ၊ ဆိုဗီယက်- အာဖဂန် စစ်ပွဲ၊ အီရန် ဓားစာခံပြဿနာ၊ လစ်ဗျားကို စစ်ရေးအရကျူးကျော်တိုက်ခိုက်မှုတွေ၊ ပနားမားနဲ့ ဟေတီ နိုင်ငံတို့ကို ကျူးကျော်မှုတွေ၊ ပင်လယ်ကွေ့စစ်ပွဲ၊ ဆိုမာလီယာပြည်တွင်းစစ်၊ ဘော့စနီးယားနဲ့ ကိုဆိုဗို စစ်ပွဲတွေ၊ ဆူဒန်ပြည်တွင်းစစ်၊ အာဖဂန်စစ်ပွဲ၊ အီရတ်စစ်ပွဲ၊ နီပေါပြည်တွင်းစစ်၊ ပါကစ္စတန် ပြည်တွင်းစစ်တွေ၊ ဆာဟာရ ဆေးရှဲလ်ကျွန်းစု ပြည်တွင်းသောင်းကျန်းမှုနှိမ်နင်းရေး၊ ယူဂန္ဓာအပါ အဝင် အာဖရိကဦးချိုဒေသစစ်ဆင်ရေး၊ ဆီးရီးယားနဲ့ ယီမင်ပြည်တွင်းစစ်၊ အီရန်ဗိုလ်ချုပ်ကြီးတစ်ယောက် ကို လုပ်ကြံသတ်ဖြတ်ခြင်းအပါအဝင် ပါရှန် ပင်လယ်ကွေ့ပြဿနာ စတဲ့ ကမ္ဘာမှာဖြစ်ခဲ့သမျှ စစ်ပွဲတွေဟာ တစ်နည်းမဟုတ်တစ်နည်း အမေရိကန် ပါဝင်ပတ်သက်တာချည်းပဲဆိုတာ တွေ့ရပါလိမ့်မယ်။
အထက်ပါနိုင်ငံတွေမှာ ပါဝင်စွက်ဖက်မှုတွေကို ကြည့်ရင် စစ်ဘက်ကအာဏာသိမ်းမှုတွေမှာ CIA အနေနဲ့ ပါဝင်ကူညီခြင်း၊ စစ်ရေးအရတိုက်ရိုက်ပါဝင် ကျူးကျော်တိုက်ခိုက်ခြင်း၊ သွယ်ဝိုက်၍ စွက်ဖက် ခြင်း၊ လှုံ့ဆော်မီးထိုးပြီး ပဋိပက္ခတွေ ဖန်တီးခြင်း စတဲ့ နည်းလမ်းပေါင်းစုံနဲ့ ပါဝင်ပတ်သက်မှုတွေရှိခဲ့ ကြောင်း တွေ့မြင်ရမှာဖြစ်ပါတယ်။
ဂျီနိုဆိုက်အဖြစ် သတ်မှတ်နိုင်သည့် အမေရိကန်ကျူးကျော်စစ်များ
ဒီလိုပါဝင်မှုတွေထဲက အထင်ရှားဆုံး ကျူးကျော်မှုတွေကို ဆက်လက်လေ့လာကြည့်ရင်-
- ဒုတိယကမ္ဘာစစ်ကြီးပြီးခါနီးမှာ ဂျပန်နိုင်ငံ ဟီရိုရှီးမားနဲ့ နာဂါဆာကီမှာ အမေရိကန်က အဏုမြူဗုံးတွေကြဲချတဲ့အတွက် မြို့တွေ ပြာပုံဖြစ်ပြီး လူပေါင်းနှစ်သိန်းခန့် သေဆုံးခဲ့ရမှု၊
- ၁၉၅၄-၇၅ အမေရိကန် - ဗီယက်နမ်စစ်ပွဲမှာ တောင်နဲ့မြောက်နှစ်ဖက်စလုံးက ဗီယက်နမ် အရပ်သား နှစ်သန်းခန့် သေဆုံးခဲ့ရမှု၊
- ၁၉၉၉ ခုနှစ်က ကိုဆိုဗိုအယ်လ်ဘေးနီးယန်းတွေ လူမျိုးတုံးအသတ်ခံရမှာစိုးရိမ်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အမေရိကန်နဲ့နေတိုးတပ်တွေ ယူဂိုဆလားဗီးယားနဲ့ ဆားဗီးယားကို ဝင်ရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးတွေ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ အဖြစ်အပျက်တွေ၊
- အီရတ်မှာ ဖျက်အားပြင်းလက်နက်တွေ အကြောင်းပြ ရမယ်ရှာဝင်တိုက်ခဲ့တဲ့အတွက် အီရတ်ပြည်သူ တစ်သိန်းကျော်သေဆုံး၊ ကလေးငယ် ငါးသန်း မိဘမဲ့ဖြစ်ခဲ့ရမှု၊
- ယခုအချိန်ထိ လုံခြုံရေးကင်းမဲ့နေဆဲဖြစ်တဲ့ အာဖဂန်နစ္စတန်ကို ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးအကြောင်းပြ အနှစ် ၂၀ ကြာ ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ အမေရိကန်တပ်ဖွဲ့တွေကြောင့် အာဖဂန်ပြည်သူ ၇၁၀၀၀ ခန့် သေဆုံးခဲ့ကြရတဲ့ကိစ္စ၊
- လစ်ဗျားပြည်တွင်းစစ်မှာ အမေရိကန်နဲ့ နေတိုးတပ်တွေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လစ်ဗျားပြည်သူ သုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အခြေအနေ၊
ထိုဖြစ်စဉ်ဖြစ်ရပ်တွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ နိုင်ငံတကာ စံနှုန်းတွေ၊ နိုင်ငံတကာသဘောတူညီချက် ကတိကဝတ်တွေကို ချိုးဖောက်ရာကျပြီး ကမ္ဘာ့လူသားအားလုံးမေ့ထားလို့မရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေလည်း ဖြစ်ပါတယ်။ ဂျီနိုဆိုက်ကျူးလွန်မှုတွေအဖြစ် သတ်မှတ်နိုင်တဲ့ဖြစ်စဉ်တွေပဲ ဖြစ်ပါတယ်။ ဒီလို အမေရိကန်ရဲ့ပါဝင်ပတ်သက်မှုအရေအတွက် ကို အခြား ရုရှား၊ တရုတ် စတဲ့နိုင်ငံတွေရဲ့ ပတ်သက်မှုနဲ့ နှိုင်းယှဉ်လေ့လာမယ်ဆိုရင် ကမ္ဘာမှာ အများဆုံးဖြစ်နေတဲ့အချက်ဟာ အံ့ဩဖွယ်ရာ ပါပဲ။
အချုပ်ပြောရရင် ယခုလို အမေရိကန်ရဲ့ ကြေညာချက်ဟာ ရုရှားကိုထိန်းချုပ်ဖို့၊ ယူကရိန်းကို တည်ကြက်လုပ်သလိုမျိုး တရုတ်ကိုထိန်းချုပ်ဖို့နဲ့ ကျနေတဲ့ပါဝါကို ပြန်တင်နိုင်ဖို့ မြန်မာကို အသုံးချ လိုက်တဲ့ အကြံအစည်ပဲဖြစ်ပါလိမ့်မယ်။ ဂျီနိုဆိုက် ခေါင်းစဉ်ကိုသုံး၊ မြန်မာ့တပ်မတော်ကို ဖျက်ဆီးပြီး နိုင်ငံကိုပြိုကွဲအောင်လုပ်မယ့်အစီအစဉ်လို့ ယူဆရတဲ့အတွက် မြန်မာတစ်မျိုးသားလုံး သတိထား စောင့်ကြည့်ရမယ့် အနေအထားတစ်ရပ်လည်း ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ ပြည်ပကျူးကျော်စစ် ဖြစ်နိုင်ခြေနည်းပါးပေမယ့် ယခုလို အမေရိကန်ရဲ့ နှတ်ကြောင်းပေးကြေညာချက်ကြောင့် ပြည်တွင်း အကြမ်းဖက်နဲ့ အချို့လက်နက်ကိုင်အဖွဲ့တွေ ပြန်လည်ခေါင်းထောင်လာနိုင်ပြီး မြန်မာပြည်တွင်းရေးမှာ ပိုပြီးမုန်တိုင်းထန်လာနိုင်စေတဲ့ သပ်လျှို သွေးခွဲမှုတစ်ခုအဖြစ် သုံးသပ်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဤကမ္ဘာမှာ ပဋိပက္ခပေါင်းစုံရဲ့အရင်းအမြစ်နဲ့ မတည်ငြိမ် မငြိမ်းချမ်းမှုတွေရဲ့ တရားခံဟာ ဘယ်သူပါလဲ၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတာ ဘယ်နိုင်ငံပါလဲဆိုတာ မြင်အောင်ကြည့်ကြပါစို့ . . . ဟူ၍သာ။ ။
မိုးမြင့်