ကျောက်ဆည် ဧပြီ ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် အိမ်တွင်းမှုလုပ်ငန်းများ လုပ်ကိုင်ကြရာ အင်ရောင်းကျေးရွာတွင် ဆပ်သွားဖျာ တစ်ပိုင်တစ်နိုင်ရက်လုပ်ခြင်းဖြင့် မိသားစုအပိုဝင်ငွေများ ရရှိကြောင်း သိရှိရသည်။
ဖျာရက်လုပ်ရာတွင် အသေး၊ အလတ်၊ အကြီး ဟူ၍ (၃)မျိုး ရက်လုပ်ကြကြောင်း၊ အနံ(၃)ပေ၊ အလျား(၇)ပေ ဖျာအသေးတစ်ချပ်လျှင် ငွေကျပ် ၁၅၀၀၊ အလတ်တစ်ချပ်လျှင် ငွေကျပ် ၂၅၀၀၊ အကြီးတစ်တစ်ချပ်လျှင် ငွေကျပ် ၃၅၀၀ ဖြင့် ဖျာများကို နေအိမ်၌ပင် လာရောက်ဝယ်ယူကြကြောင်း၊ လက်လီရောင်းချပါက နေရာဒေသအပေါ်မူတည်ပြီး ဖျာအသေးတစ်ချပ်လျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ရောင်းချရကြောင်း အင်ရောင်းကျေးရွာမှ ကုန်သည် ဦးမြင့်ဇော်က ပြောပြသည်။
ဖျာရက်လုပ်ရာတွင် ကျွမ်းကျင်ပါက လူတစ်ဦးလျှင် တစ်ရက် ဖျာအကြီး (၄)ချပ်မှ (၅)ချပ်အထိ ရက်လုပ်ပြီးစီးကြောင်းနှင့် ဖျာရက်လုပ်သည့် ဆပ်သွားပင်များ ကိုယ်တိုင်စိုက်ပျိုးပြီး ဖျာရက်လုပ်ရောင်းချပါက တစ်နေ့ တစ်ဦးဝင်ငွေ ကျပ် ၁၅၀၀၀ ဝန်းကျင်ခန့် ရရှိသဖြင့် မိသားစုအပိုဝင်ငွေများ ရရှိလျက်ရှိကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


