နေပြည်တော်၊ ဧပြီ ၃ 

သာစည်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၂၁ သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၃၁ ရက် ညနေ ၆ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မိတ္ထီလာ - တောင်ကြီးသွား ကားလမ်း၊ ကျွဲတပ်ဆုံ စစ်ဆေးရေးစခန်းအနီးတွင် ကလောမှ သာစည်ဘက်သို့ ဝေပိုင်ဦး မောင်းနှင်ပြီး ၎င်း၏ဇနီး မနန်းမူးကေသာ၊ စောအောင်လွင်ဦး (ခ) အောင်လွင်ဦးနှင့် ဗိုလ်ဗိုလ်နိုင်တို့ လိုက်ပါလာသည့် ALPHARD မော်တော်ယာဉ်ကို  သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၅ ဒသမ ၈၅ သိန်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်ဖော်ထုတ်ချက်အရ ဧပြီ ၁ ရက် နံနက် ၁၁ နာရီတွင် ရာပါ (ခ) ကိုကိုမောင် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မဉ္ဇူလမ်းရှိနေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၅ ဒသမ  ၂ သိန်းနှင့်အတူ Kluger မော်တော်ယာဉ်တစ်စီးတို့ကို လည်းကောင်း၊ ဝေပိုင်ဦးနှင့် မနန်းမူး ကေသာတို့နေထိုင်သည့် ဒဂုံဆိပ်ကမ်း မြို့နယ်၊ အမှတ် (၈၉) ရပ်ကွက်၊ ကနောင်မင်းသားကြီးလမ်းရှိ နေအိမ်မှ  Landcruiser မော်တော်ယာဉ် တစ်စီးကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့၍ ဒေသကာလတန်ဖိုး ငွေကျပ် ၂ ဒသမ ၃၉ ဘီလီယံကျော်တန်ဖိုးရှိ စုစုပေါင်း စိတ်ကြွရူးသွပ်ဆေးပြား ၂၁ ဒသမ ၀၅ သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်

 

mdn