နေပြည်တော် ဧပြီ ၃
သံနှင့်သံမဏိစက်ရုံများ၏ ၂၀၂၁-၂၀၂၂ဘဏ္ဍာရေးနှစ် (Mini Budget) လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာနတွင် စက်ရုံအလုပ်ရုံပေါင်း (၁၀၇) ရုံရှိပြီး (၅၅) ရုံသည် ပုဂ္ဂလိကသို့ ငှားရမ်းထားရှိပြီး (၅၂) ရုံသည် နိုင်ငံပိုင်အနေဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ထုတ်ကုန်များကို အုပ်စုခွဲပါက သံနှင့်သံမဏိ ထုတ်လုပ်မှု ဆိုင်ရာအုပ်စု၊ ဘိလပ်မြေနှင့်ကြွေထည် မြေထည်ထုတ်လုပ်မှုဆိုင်ရာအုပ်စု၊ ချည်မျှင်နှင့် အထည်ထုတ်လုပ်မှုဆိုင်ရာအုပ်စုနှင့် ဆေးဝါးနှင့် လူသုံးကုန် ထုတ်လုပ်မှုဆိုင်ရာအုပ်စု ဟူ၍အဓိကအုပ်စု (၄) ခုရှိပါကြောင်း၊ အဆိုပါ ထုတ်လုပ်မှုဆိုင်ရာအုပ်စုများနှင့် ပတ်သက်၍ တစ်နေ့တည်းတစ်ထိုင်တည်း အစီအမံများချမှတ်ရန် မဖြစ်နိုင်သည့် အတွက် ပထမဦးဆုံးအနေဖြင့် သံနှင့်သံမဏိ ထုတ်လုပ်မှု ဆိုင်ရာအုပ်စုကို ဦးစွာကျင်းပ ခြင်းဖြစ်ကြောင်း၊ အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) တို့ကို ၂၀၀၄ ခုနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းလုပ်ငန်း (၂) ခုအား ၂၀၁၇ ခုနှစ် မတ် ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်မှ စီမံကိန်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်ခြင်း မပြုရန် ညွှန်ကြားခဲ့သဖြင့် စီမံကိန်းလုပ်ငန်းများကို ရပ်ဆိုင်းခဲ့ရကြောင်း၊ ယခု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်၌ နိုင်ငံတော်ဝန်ကြီးချုပ်က “နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အလို့ငှာ အစိုးရ၏စီမံခန့်ခွဲမှု အောက်တွင်ရှိပြီး ရပ်နားထားရသည့် စက်ရုံ၊ အလုပ်ရုံများထဲမှ ပုဂ္ဂလိကပိုင်ပြုလုပ်နိုင်ခြင်း မရှိသောစက်ရုံ၊ အလုပ်ရုံများပြန်လည် လည်ပတ်နိုင်အောင် ဝိုင်းဝန်းကူညီ ပံ့ပိုးပေးရန်နှင့် နည်းလမ်းရှာဖွေ၍ ဝင်ငွေရအောင် ဆောင်ရွက်ပေးရန်”လမ်းညွှန်မှုပြုသဖြင့် အမှတ် (၁) သံမဏိစက်ရုံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့ကို ဆက်လက်အကောင်အထည်ဖော်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်နေသကဲ့သို့ ရပ်ဆိုင်းခဲ့သည့် ကာလ ကြာမြင့်၍ စက်ရုံသို့ရောက်ရှိနေသည့် စက်ပစ္စည်းများကိုလည်း ပျက်စီးဆုံးရှုံးမှု မရှိစေရေး အလေးအနက်ထား စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ပစ္စည်းများ ပျက်စီးဆုံးရှုံးမှု မရှိစေရေးဆောင်ရွက်လျက်ရှိသည့် အစီအမံများကိုလည်း ယခုအစည်းအဝေး၌ တိတိကျကျ ရှင်းလင်းတင်ပြရန်လိုအပ်ကြောင်း၊ သံနှင့်သမဏိသည် နိုင်ငံအတွက် မရှိမဖြစ်သော အခြေခံကျသည့် ထုတ်ကုန်ပစ္စည်းဖြစ်၍ စီမံကိန်းလုပ်ငန်းများကို အောင်မြင်အောင် ဝိုင်းဝန်း ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တွေ့ကြုံလာနိုင်သည့် အခက်အခဲများ မမျှော်မှန်းနိုင်သည့် ကိစ္စရပ်များအတွက်လည်း ကြိုတင်မျှော်တွေး၍ စဉ်းစားစီမံ ဆောင်ရွက်ထားရန် လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံနှင့်ပြည်သူအကျိုးကိုရှေးရှု၍ ဆောင်ရွက်ကြရန်နှင့် လုပ်ငန်းတာဝန်များကို အဂတိတရားကင်းကင်းဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် အမှတ် (၁) သံမဏိစက်ရံ (မြင်းခြံ) နှင့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) တို့မှ စက်ရုံမှူးများက စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် ခဲ့မှုနှင့် ပြီးစီးမှုနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်အသေးစိတ်တို့ကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်နှင့် အမှတ် (၁) အကြီးစားစက်မှု လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ကနိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


