နေပြည်တော်   ဧပြီ   ၄

 

အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources(HR) လူ့စွမ်းအား  အရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်      ပညာသင်ကြားမှုများ ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အချို့ရှိ တက္ကသိုလ်များနှင့်  စာသင်ကျောင်းများအား  PDF အမည်ခံ အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လက်လုပ် စိန်ပြောင်းများဖြင့် ပစ်ခတ်ဖျက်ဆီးမှုများ  ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ  ဧပြီ ၁ ရက် ည  ၁၂ နာရီ မိနစ် ၂၀ တွင် စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာမြို့ နန္ဒဝန်ရပ်ကွက် နယ်မြေ (၆) ရှိ မုံရွာစီးပွားရေးတက္ကသိုလ်အား PDF အမည်ခံအကြမ်းဖက်သမားများက   တက္ကသိုလ်၏ အရှေ့ဘက်ကိုက် ၃၀၀ ခန့်အကွာ လယ်ကွင်းများဘက်မှနေ၍ လက်လုပ်စိန်ပြောင်းဖြင့် လေးချက် ပစ်ခတ်ခဲ့ရာ  တက္ကသိုလ်ဝင်းအတွင်း ဗုံးသီးအချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး   ပေါက်ကွဲမှုများကြောင့်   ကျောင်းရှိ   အဆောင်   အမိုးသွပ်၊    မျက်နှာကြက်၊  ပြတင်းတံခါးမှန်များနှင့် မီးသီးတို့ ထိခိုက်ပျက်စီးခဲ့ပြီး  လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

အလားတူ ဧပြီ ၂ ရက်  နံနက် ၈ နာရီ ၄၅ မိနစ်တွင် ကချင်ပြည်နယ် ဗန်းမော်မြို့ နမ့်ဖားရပ်ကွက်ရှိ ဗန်းမော် တက္ကသိုလ်ဝင်းအတွင်း  ဘောလုံးကွင်း အနီးရှိ အမှိုက်ပုံအတွင်း အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ် မိုင်းတစ်လုံး ပေါက်ကွဲမှုကြောင့် ဘောလုံးကွင်းအနီးရှိ    ကျောင်းဆောင်များမှ ပြတင်းတံခါးမှန်များ၊ တံခါးမကြီးမှန်များ ကွဲအက်ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

 

ထို့အတူ ညနေ ၄ နာရီ ၃၅ မိနစ်တွင်  မကွေးတိုင်းဒေသကြီး    ရေစကြိုမြို့ အမှတ (၈) ရပ်ကွက်ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်းဝင်းအတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျောင်းဝင်းအတွင်းရှိ ဆောက်လုပ်ဆဲ နှစ်ထပ်စာသင်ဆောင် အဆောက်အအုံအနီးရှိ ရေမြောင်းအတွင်း၌ အကြမ်းဖက်သမားများက လက်လုပ်မိုင်းတစ်လုံး ဖောက်ခွဲထားသည်ကို တွေ့ရှိရပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အအုံ  ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

mdn

 

အလားတူ ညနေ ၄ နာရီ မိနစ် ၄၀ တွင် ချင်းပြည်နယ် မတူပီမြို့နယ် ရေဇွာမြို့ အင်ရောရပ်ကွက်နေ ဘာသာရေး ခေါင်းဆောင်များဖြစ်သည့် ဦးရိုမီယို (၃၇) နှစ် (ဘ) ဦးဇာမန်နှင့် ဦးတိန်ဇာလျန် (၄၃) နှစ် (ဘ) ဦးလယ်အုပ်တို့သည် ရေဇွာမြို့ မြို့မရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏  ကျောင်းတံခါးများ  ပွင့်နေသဖြင့် သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ကျောင်းအဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

 

ထိုကဲ့သို့  အနာဂတ်မျိုးဆက်သစ် လူငယ်များနှင့် Human Resources (HR) လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပညာသင်ကြားမှုများဆောင် ရွက်ပေးလျက်ရှိသည်ကို မနာလိုမရှုဆိတ်များဖြင့် ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့သည့် အကြမ်းဖက်သမားများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး  လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။           

 

သတင်းစဉ်