နေပြည်တော် ဧပြီ ၄
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှု ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အအုံများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးခြင်း၊ ဆရာ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင် မြန်မာ လူမျိုးများ၏ အထွတ်အမြတ်ထားရာ သာသနာပိုင် အဆောက်အအုံများကိုပါ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်းများကို လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကင်းကျေးရွာရှိ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တသုစရိတ (ဝါတော် ၂၇ ဝါ၊ သက်တော် ၄၇ နှစ်) သည် အခန်းအတွင်း သီတင်းသုံးနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၁၀ ဦးခန့်က ဘုန်းတော်ကြီးကျောင်းအတွင်းသို့ ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ကိုရင်များနှင့် ကပ္ပိယများကို အကြမ်းဖက်သမား ခုနစ်ဦးခန့်က သေနတ်ဖြင့် ချိန်ရွယ်ထားပြီး ကျန်အကြမ်းဖက်သမားများက ဆရာတော်အား သေနတ် ဖြင့် ၁၁ ချက်ခန့် ရက်ရက်စက်စက် ပစ်ခတ်၍ ဆိုင်ကယ်များဖြင့် ပြန်လည်မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်းသိရသည်။
အဆိုပါအကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် ဆရာတော်သည် နောက်ကျောကျည်ဖောက်ဝင်ဒဏ်ရာ၊ ယာနားအောက် ကျည်ဖောက်ဝင်ဒဏ်ရာ၊ ဝမ်းဗိုက် ကျည်ဖောက်ဝင်ဒဏ်ရာနှင့် ဝဲလက်ဖျံကျည် ဖောက်ဝင်ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာ၌ပင် ပျံလွန်တော်မူခဲ့ပြီး ဆရာတော်၏ ရုပ်ကလာပ်အား မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားသည် ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ်ထားရာ စေတီ ပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းနှင့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေးများကိုပါမကျန် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် ရက်စက်စွာ သတ်ဖြတ်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိရာ ယနေ့အထိ သံဃာတော် ၃၂ ပါးနှင့် သာသနာ့နွယ်ဝင် သီလရှင်တစ်ပါးတို့ ပျံလွန်တော်မူခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မိဘပြည်သူများအနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့ တိုင်ကြားပေးခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်