ပရီမီယာလိဂ်ပွဲစဉ် (၃၁) မှ ဝက်စ်ဟမ်းအသင်းနှင့် အဲဗာတန်အသင်းတို့ပွဲစဉ်ကို ဧပြီ ၃ ရက်ညပိုင်းက ဝက်စ်ဟမ်း အိမ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဝက်စ်ဟမ်းအသင်းက နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဝက်စ်ဟမ်းအသင်းသည် ယခုပွဲစဉ် အနိုင်ရရှိမှုကြောင့် ပွဲစဉ် (၃၁) အပြီးတွင် ရမှတ် ၅၁ မှတ် ရရှိလာပြီဖြစ်သည်။ ယခု ပွဲစဉ်သည် နှစ်သင်းကြား ခြေစွမ်းကွာဟမှုမရှိဘဲ အပြန်အလှန် ထိုးဖောက် မှုများဖြင့် အကြိတ်အနယ်ရှိသည့် ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့သည်။ ပွဲချိန် ၃၂ မိနစ်တွင် ဝက်စ်ဟမ်းအသင်းမှ ခရက်စ်ဝဲလ်က ပြစ်ဒဏ်ဘောမှတစ်ဆင့် ဂိုးသွင်းယူ နိုင်ခဲ့သောကြောင့် ဝက်စ်ဟမ်းအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ အဲဗာတန်အသင်းအတွက် ချေပဂိုးကို ပွဲချိန် ၅၃ မိနစ်တွင် ဟိုးဂိတ်က သွင်းယူပေးခဲ့သည်။ ဝက်စ်ဟမ်းအသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို ပွဲချိန် ၅၉ မိနစ်တွင် ဘိုဝင်က သွင်းယူ ပေးခဲ့သည်။

ပွဲချိန် ၆၅ မိနစ်တွင် အဲဗာတန်အသင်းမှ မိုက်ကယ်ကိန်း ပြိုင်ဘက်ကစားသမားကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့သည့်အတွက် ကွင်းလယ်ဒိုင်က အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသည်။ အဲဗာတန်အသင်းသည် ယခုပွဲစဉ် ရှုံးနိမ့်မှုကြောင့် ၂၈ ပွဲကစားပြီး တန်းဆင်းဇုန်အသင်းနှင့် သုံးမှတ်အကွာတွင် ရပ်တည်နေ သည်။

အခြားသောပွဲစဉ်အဖြစ် မန်ယူအသင်းနှင့် လက်စတာအသင်းတို့ ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် ပွဲပြီးဆုံးခဲ့သည်။ စပါးနှင့် နယူးကာဆယ်တို့ပွဲတွင် စပါးက ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။

အောင်ဇော်