နေပြည်တော်၊ ၄ ဧပြီ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှ်၊ စက်တင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် သစ်တောဥပဒေ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၁,၆၈၉) ဧကရှိသော နယ်မြေကို “နန်ချိုကြိုးပြင်ကာကွယ်တောအပိုင်း(၃)” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၆၄/၂၀၂၂) အရ ၁၃၈၃ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် (၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
နန်ချိုကြိုးပြင်ကာကွယ်တော အပိုင်း (၃) သည် နန်ချိုရေအားလျှပ်စစ် စီမံကိန်း၏ ရေဝေရေလဲဒေသနှင့် ပေါင်းလောင်းရေအားလျှပ်စစ် စီမံကိန်း၏ ရေဝေရေလဲ ဒေသများအား ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုလျှော့ချရေး၊ ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေး၊ မြေဆီလွှာ ထိန်းသိမ်းရေးတို့အတွက်လည်းကောင်း ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
နန်ချိုကြိုးပြင်ကာကွယ်တော အပိုင်း (၃) အတွင်း ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စသည့် အဖိုးတန်သစ်မျိုးများအပြင် သစ်အယ်၊ သစ်ယား၊ စကားဝါ၊ တောင်တမာ၊ တောင်ပိန္နဲ၊ တောင်မကျီး၊ တောင်သရက်၊ သင်္ဂဒူ၊ သင်းဝင်၊ လယ်ဇ၊ နှော၊ ဒီဒူး၊ နဘဲ၊ လက်ပံစသည့် သစ်မျိုးများ ပေါက်ရောက်ခြင်း၊ တောဝက်၊ ချေ၊ ဆတ်၊ မျောက်၊ တောဆိတ်၊ ယုန်၊ ရှဉ့်၊ ရစ်၊ ဘုတ်၊ ခါ၊ ငုံး၊ လင်းယုန်၊ ဇီးကွက်၊ သင်းခွေချပ်၊ စပါးကြီးမြွေ၊ စပါးအုံးမြွေ၊ မြွေဟောက်၊ ငန်းပုတ် စသည့် တိရစ္ဆာန်များ၏ ကျက်စားရာဒေသဖြစ်ခြင်း၊ ပေါင်းလောင်းဆည်၏ ရေဝေရေလဲ ဧရိယာဖြစ်သဖြင့် သစ်တောသယံဇာတများ စနစ်တကျ ထိန်းသိမ်းစီမံ အုပ်ချုပ်နိုင်ရန် လိုအပ်ခြင်းတို့ကြောင့် ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ကြေညာခြင်းဖြစ်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန


