ပဲခူး ဧပြီ ၄
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပဲခူးမြို့ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းသာစွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှုအားပေးပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲ မသမာမှု ကင်းရှင်းစွာဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်ဝ၍ တည်ငြိမ်အေးချမ်း ချောမွေ့အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေးတို့ကို မှာကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ စာရင်းရှိ (၂၉၈၅၄)ဦးရှိပြီး စာစစ်ဌာန (၁၁၉)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား အေးချမ်းတည်ငြိမ်လုံခြုံစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး အားကစားကွင်း တည်ဆောက်ရေး ရှင်းလင်းဆောင်သို့ ရောက်ရှိရာ တာဝန်ခံအင်ဂျင်နီယာက တည်ဆောက် ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြရာ တည်ဆောက်မှုများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကိုမှာကြားသည်။
ပဲခူးတိုင်းဒေသကြီး အားကစားကွင်းကို ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ မြေဧရိယာ (၂၈ ဒသမ ၇၉) ဧကတွင် တည်ဆောက်ခြင်းဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် အနောက်ဘက် အထူးတန်း ပွဲကြည့်စင်၊ အရှေ့ဘက်အထူးတန်း ပွဲကြည့်စင်၊ (၂၀၀x၁၃၀) ပေ အားကစားရုံ၊ (၄၀၀x၂၀) ပေ ရေကူးကန်၊ အားကစားသမားအိပ်ဆောင်၊ စားရိပ်သာ၊ ရုံးအဆောက်ဦနှင့် ဝန်ထမ်းအိမ်ရာများ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်