မောင်သိန်းဆိုင်
“ငါဝန်ခံပါတယ်ကျော့မောင်။ အခုတော့ ငါသိပါပြီကွာ။ ငါ့ဘဝမှာ မိန်းကလေးတွေ မရေမတွက်နိုင်အောင် တွေ့ခဲ့ဖူးတယ်။ ပထမတော့ ငါ့ကိုငါထင်တယ်။ တွေ့တဲ့မိန်းကလေးတိုင်းကို ချစ်တယ်လို့ပဲ။ ဒါပေမဲ့ အမှန်ကတော့ သူတို့ကို ချစ်တယ်ဆိုတာ ငါ့နှလုံးသားကလာတဲ့အသိနဲ့ ချစ်တာမဟုတ်ဘူး။ ခင်ခင်ကြီးကိုတော့ ပေါ့ပေါ့တန်တန်ချစ်မိတယ်လို့ ထင်ရင်းကနေ နှလုံးသားက လာတဲ့အချစ်နဲ့ နှစ်နှစ်ကာကာ ချစ်လာတာ။ ငါ့ဘဝမှာ ငါအချစ်ဆုံးမိန်းကလေးဟာ ခင်ခင်ကြီးပဲကျော့မောင်”
“ခင်ခင်ကြီးမှာ ယောက်ျားတွေကို စိတ်နာနေသလား၊ မင်းကိုပဲစိတ်နာတာလား။ ဒါမှမဟုတ် မင်းနဲ့ပတ်သက်ပြီး ယောက်ျားအားလုံးကို စိတ်နာသွားတာလားမသိဘူး။ အခုထိ အိမ်ထောင်မပြု သေးဘူး။ ကျန်ခဲ့တဲ့ အနှစ်နှစ်ဆယ်အတွင်းတုန်းက မင်းနဲ့ထပ်တွေ့လိုက်ရင် အခြေအနေက တစ်မျိုးပြောင်းရင် ပြောင်းသွားနိုင်တယ်နော်”
“ငါတော့ ဒီလိုမထင်ဘူးကျော့မောင်။ အစကတော့ ခင်ခင်ကြီးကို ငါကိုယ်တိုင် အချစ်ကံဆိုးရှာတဲ့ မိန်းကလေးတစ်ယောက်လို့ ထင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ခင်ခင်ကြီးတစ်ယောက်တည်းသာ ချစ်ကံဆိုးတာမဟုတ်ဘူး။ စင်စစ်မှာတော့ ငါကိုယ်တိုင်လည်း ချစ်ကံဆိုးတဲ့လူတစ်ယောက်ပဲလို့ သိလာတယ်။ ဒါကလည်း စောစောကပြောသလို သူ့ကို နှစ်နှစ်ကာကာချစ်လို့သာပဲပေါ့ ကျော့မောင်”
ကိုကျော့မောင်သည် ကိုမောင်မောင်ဦး၏ စကားကို သဘောကျသလို ပြုံးလိုက်လေသည်။
“မင်း အချစ်နဲ့ပတ်သက်လို့ အယူအဆတွေ တိုးတက်လာပြီ မောင်မောင်ဦး။ မင်းမှာ စာနာတဲ့ စိတ်ထားတွေ ရှိလာပြီ။ မဆိုးတော့ဘူး”
အိမ်လမ်းချိုးသို့ ရောက်လာသည်။ ကိုကျော့မောင် က လမ်းချိုးအတိုင်း ချိုးကွေ့ဝင်လိုက်သည်။ ကိုမောင်မောင်ဦးသည်ကား ချိုးကွေ့မဝင်သေးဘဲ လမ်းဝမှာရပ်နေသည်။
ကိုကျော့မောင် ခြေလှမ်းတုံ့ရသည်။ ကိုမောင် မောင်ဦးကို လှမ်းကြည့်သည်။
“မင်းအိပ်နှင့်တော့ ကျော့မောင်”
“ဘယ်သွားဦးမလို့လဲ”
“ကြည့်စမ်းပါဦးကွာ။ ညဟာ ဘယ်လောက် သာယာသလဲ။ ဒီလောက်သာယာတဲ့ညကို ဥပေက္ခာ ပြုပြီး အိပ်ပစ်ရမှာ နှမြောစရာကြီး”
ကိုကျော့မောင် ပြုံးရပြန်ချေသည်။
“ကိုယ့်လူက ကဗျာဆန်နေရပြန်ပြီ။ ကိုယ့်ကိုယ်ကိုယ် အသက်လေးဆယ်ကျော်နေပြီဆိုတာလည်း သတိထားပါဦး”
ကိုမောင်မောင်ဦးသည် ဘာမျှပြန်မပြော။ ကိုကျော့မောင်ကိုထားခဲ့ကာ လမ်းအတိုင်းလျှောက် လာသည်။ ကိုကျော့မောင်သည် သူငယ်ချင်း ဖြစ်သူ၏နောက်ကျောကို စူးစိုက်ကြည့်ရင်း သက်ပြင်းရှိုက်လိုက်သည်။ ထို့နောက် အိမ်သို့ လျှောက်ခဲ့သည်။
ကိုမောင်မောင်ဦးသည် သည်လမ်းသို့ လာမည်ဟု ရည်ရွယ်ရင်းစွဲမရှိ။ တစ်နေရာရာသို့ သွားမည်ဟုလည်း စဉ်းစားမထား။ လျှောက်လာရင်းမှပင် မိမိကိုယ်ကိုယ် ကမ္ဘာအေးစေတီလမ်းပေါ်၌ ရောက် ရှိနေကြောင်း တွေ့လိုက်ရလေသည်။
လမ်းတစ်လမ်းလုံး၌ သက်ရှိသတ္တဝါဟူ၍ သူတစ်ဦးတည်းသာရှိသည်။ လူတို့ အိပ်စက်ကြလေပြီ။ အိမ် တိုင်း တံခါးပိတ်လျက် မီးမှိတ်ခဲ့ကြလေပြီ။ ကားအသွားအလာလည်း မရှိတော့။
သူ့စိတ်မှာ အလိုလိုနေရင်း ကြေကွဲချင်နေသည်။ အလိုလိုနေရင်း ရင်ထဲမှာ ဆို့နင့်နေသည်။ မိမိကိုယ်ကို နာကြည်းနေမိလေသလား။ မိမိဘဝကို စိတ်ပျက်နေမိလေသလားလည်း မပြောတတ်။ တစ်စုံတစ်ရာ အပေါ် မကျေနပ်နိုင်သလိုရှိရသည်ကား အမှန်ပါပေ။
ကမ္ဘာအေးစေတီပရိဝုဏ်ကို ဖြတ်ရသည်။ တိတ်ဆိတ်ငြိမ်သက်သောညဖြစ်၍ ဘုရားထီးမှ ဆည်းလည်းသံသည် လေနှင့်အတူ လွင့်ပျံ့လာလေသည်။ သူ့နားမှာ ဆည်းလည်းသံကို မှတ်မှတ်ရရ ကြားရသည်။ သို့ငြားလည်း ဓမ္မတေးသံသည် ပူလောင်ပြင်းပြလျက်ရှိသည့် သူရင်မှအပူကို မငြိမ်း သတ်နိုင်။ သူ့ရင်ကို အေးမြစေခြင်းငှာ မတတ်သာ။
သူ့အာရုံတွင် ခင်ခင်ကြီးသည် လွှမ်းမိုးလျက်ရှိ၏။ သူ၏နားမှာ ယင်းအမည် ပဲ့တင်ထပ်နေသည်။
အစသော် ကမ္ဘာအေးစေတီမှ ပြန်လှည့်ခဲ့မည်ဟု ရည်ရွယ်သည်။ ဧည့်သည်ကိုကပ်လျက် ဧည့်သည် လုပ်နေသည်ဖြစ်၍ ညဉ့်နက်မှအိမ်ပြန်လျှင် မကောင်း တတ်ဟု တွေးမိသည်။ သို့စဉ်လျက် ကမ္ဘာအေးစေတီကို လွန်လာခဲ့သည့်တိုင် နောက်သို့ပြန်မလှည့်မိ။ ခြေလှမ်းကို တုံ့ရပ်၍မရ။ ခန္ဓာသည် အာရုံ၏အလိုကို လိုက်နေလေသည်တကား။
မိုးလေဝသဌာနကို လွန်ခဲ့သည်။ စိတ္တဇဆေးရုံကို ကျော်ခဲ့သည်။ ရှစ်မိုင်လမ်းဆုံကို ဖြတ်နေမိချေသည်။ ထိုမှသည် ရေနံ့သာအိမ်ကြီးတည်ရှိရာ ခုနစ်မိုင်ခွဲနှင့် နီးကပ်လာချေပြီ။
သူ၏ရင်သည် ပြင်းစွာတုန်လှုပ်နေသည်။ နှလုံးခုန်နှုန်း မြန်ဆန်နေသည်။ အသက်ရှူသံမှာ ပြင်းပြနေသည်။ ဤသည်မှာ မောပန်းလှ၍ချည်းမဟုတ်။ ခင်ခင်ကြီးရှိရာအရပ်နှင့် နီးကပ်လာပါပကောဟူသော အသိမှ ပေါက်ဖွားလာသည့် စိတ်လှုပ်ရှားမှုကြောင့်လည်းဖြစ်သည်။
လွတ်လပ်ရေးရအပြီးတွင် သူ ရေနံချောင်းသို့ တစ်ခေါက်ရောက်သည်။ သည်စဉ်က ခင်ခင်ကြီး ရန်ကုန်တွင် နေထိုင်လျက်ရှိကြောင်း သတင်းစကားကြားရသည်။ သူ၏မိတ်ဆွေတစ်ယောက်က ပြည်လမ်းရှိ ရေနံ့သာအိမ်ကြီးအကြောင်းကို ပြောပြခဲ့သည်။ သို့ဖြင့် ရန်ကုန်သို့ရောက်လေတိုင်း၊ ပြည်လမ်းမှလာ မိလေတိုင်း ရေနံ့သာကို အမှတ်ထင်ထင်ရှိခဲ့သည်။ ခင်ခင်ကြီးကို တစ်စွန်းတစ်စ တွေ့ရလိမ့်နိုးနှင့် ရေနံ့သာရှေ့မှ ဖြတ်ရလေတိုင်း အိမ်ခြံဝင်းအတွင်းဆီ သို့ ကြည့်မိသည်ချည်းဖြစ်သည်။ သည်အိမ်တွင် ခင်ခင်ကြီးရှိနေသည်ဟူသောအသိဖြင့် သည်အိမ်ရှေ့ မှဖြတ်ရလေတိုင်း ရင်မှာပူနွေးလာမိမြဲ။
ယခု ကိုမောင်မောင်ဦးသည် ရေနံ့သာရှေ့တွင် ပူနွေးသောရင်ဖြင့် ရပ်မိပြန်လေပြီ။ ယခုအခါတွင် ခင်ခင်ကြီး သာမက နန်းကိန္နရီပါရှိနေသည်ဟူသောအသိဖြင့်နှလုံးသည်းပွတ်များသည်ပင် တဆတ်ဆတ်တုန်ခါ နေလေသလား မှတ်ထင်ရအောင် ရင်ခုန်နေသည်။
ရေနံ့သာအိမ်ကြီးမှာ လရောင်အောက်တွင် ခံ့ခံ့ထည်ထည်ကြီး ရပ်တည်နေသည်။ အိမ်၏ စိန်တောင်များသည် မိုးသို့မျှော်နေဟန်ရှိသည်။ ရုတ်တရက် အမြင်၌ စုလစ်မွမ်းချွန်သဖွယ်ထင်ရသည်။
အိမ်တွင် မီးအလင်းရောင်မမြင်ရ။ အသံဗလံဟူ၍လည်း လုံးဝမကြားရ။ တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးထားသည်။
ကိုမောင်မောင်ဦးသည် ဆေးဖြူသုတ်ထားသည့် တံခါးဝတွင် ရပ်နေသည်။ တံခါး၏ဘောင်၌ လက်တင် ထားသည်။ အိမ်အတွင်းသို့ မမှိတ်မသုန် ငေးကြည့်နေမိသည်။
ဖြစ်နိုင်မည်ဆိုလျှင် “ခင်ခင်ကြီးရေ။ ခင်ခင်ကြီးရေ။ ညီမရေ” စသည်ဖြင့် အော်ဟစ်ခေါ်ဝေါ်လိုက်ချင်သည်။ မိမိ၏ရုပ်သွင်ကို မြင်ရစေချင်သည်။ သူတို့၏ရုပ်သွင် ကိုလည်း မြင်ချင်လှပါသည်။
ခေါ်ခွင့်မသာ၊ မြင်ခွင့်မရှိသည့်အဖြစ်ကို တွေးမိလေ တော့လည်း ရင်ထဲမှာကြေကွဲရသည်။ ဆို့နင့်ရခြင်း သည် မျက်ဝန်း၌ မျက်ရည်ပြည့်လျှမ်းလာစေသည်။ အကြည့်ကို မှုန်ဝါးလာရစေသည်။ ရင်မှာ နာကျင်ရ လွန်းလှပါသည်ကွယ်။
ဝဋ်ကြွေးဆိုသည်မျိုးမှာ သံသရာအထိမနေ၊ လောက၌ပြတတ်သည်ဆိုခြင်းကို တွေးမိပါသည်။ နားလည်ရပါပြီ။ ဟိုစဉ်က မိမိဘက်ကအနိုင်ချည်း ဟုမှတ်ခဲ့သည်။ မိမိရှေ့မှောက်တွင် မိန်းမတကာတို့ ဒူးထောက်ရသည့် အဖြစ်မျိုးနှင့်သာ ကြုံရသည်ဟု ယူဆခဲ့သည်။ ယခုတော့လည်းအဖြစ်တို့က ဆန့်ကျင် ဘက်ပါကလား။ ပြောင်းပြန်ပါကလား။ တင်ရှိနေ သောဝဋ်ကြွေးမှန်သမျှကို ပေးဆပ်ရမည့်အဖြစ်ပါ ကလားဟု ကိုမောင်မောင်ဦး နားလည်လာသည်။
သူ့အရှေ့မှ လူတစ်ယောက် ဘွားခနဲပေါ်လာသည်။ ကိုမောင်မောင်ဦးမှာ ဆတ်ခနဲဖြစ်သွားသည်။ လန့်ဖျပ်သွားရသည်။ ရုပ်မည်ပြုသော လက်တစ်ဖက်ကို ထိုသူက ဖမ်းဆွဲလိုက်ခြင်း ခံရသည်။ ထိုသူ၏ လက်မှာ ကျားလျှာနှယ်ကြမ်း၍ သူ၏ဆုပ်ကိုင်မှုမှာ ပြုတ်တူသဖွယ် သန်မာတင်းကျပ်လှသည်။
“ခင်ဗျားကို ကျုပ်ကြည့်နေတာကြာပြီ” ထိုသူထံမှ ဝဲသောအသံကို ကြားရသည်။ အသံမှာ ခက်ထန်နေသည်။
“ခင်ဗျား ဘာလုပ်ဖို့ ဒီမှာလာရပ်နေတာလဲဟင်” ရုတ်တရက်ဖြစ်၍ ကိုမောင်မောင်ဦး ဘာပြန်ပြော ရမည်မသိနိုင်။
သူ့ရှေ့မှာ ရှိနေသူသည် ခြံစောင့်ဖြစ်ရမည်ဟူ၍တော့ သိသည်။ ထိုသူကို ကိုထွန်းခင်လေလား ထင်မိသေးသည်။ အသံနေ အသံထားကြောင့် မဟုတ်နိုင်။ အခြားတစ်ယောက် ဖြစ်ပေလိမ့်မည် ထင်သည်။
“ဟေ့လူ မေးနေတာမကြားဘူးလား။ ပါးစပ်မပါ ဘူးလား” သည်အထိ သူဘာမျှပြန်မပြောမိ။ ပိုမိုတင်းကျပ် စွာဆုပ်ကိုင်ခြင်းကို ခံစားရသည်။
“ဒီလူတော့ ဒုက္ခရောက်ချင်ပြီထင်တယ်။ ပြောလေဗျာ။ ခင်ဗျားဘာလုပ်ဖို့ ဒီခြံရှေ့မှာ လာရပ်နေတာလဲ၊ ဓားပြတိုက်မလို့လား။ ခိုးမလို့လား”
“ခင်ဗျားပြောတာမျိုးတွေ တစ်ခုမှကျုပ်မလုပ်ပါဘူး” ကိုမောင်မောင်ဦးထံမှ အသံထွက်လာသည်။ သူ့အသံမှာ တိုးညင်းလှသည်။
“ဒါဖြင့်”
“ကျုပ်ဒီမှာလာရပ်နေတာ ခင်ခင်ကြီးနဲ့ တွေ့ချင် လို့ပါ”
ကိုမောင်မောင်ဦးသည် ယင်းစကားကို ဖျစ်ညှစ် ပြောလိုက်သည်။ ခြံစောင့်သည် သူ့သခင်မအား ခင်ခင်ကြီးဟု ပိုင်စိုးပိုင်နင်းခေါ်လိုက်သည့်အတွက် ခံပြင်းမိဟန်ရှိသည်။
“ခင်ဗျား အရူးလားဗျ။ ဒီအချိန်ကြီးကျမှ ခင်ဗျားကိုဆင်းတွေ့မလား”
“ကျုပ်ကလည်း ဆင်းတွေ့ရမယ်လို့ မပြောရသေးပါကလား။ ကျုပ်အနေနဲ့ တွေ့ချင်တယ်လို့သာ ပြောတာပါ။ ပြီးတော့ ခင်ခင်ကြီးကို အိပ်ရာက သွားနှိုးဖို့လည်း မလိုပါဘူးလေ။ ဘာကြောင့်လဲဆိုတော့ ကျုပ်က သေလောက်အောင်တွေ့ချင်ပါတယ် ဆိုတောင်မှ သူက လာတွေ့မှာမဟုတ်လို့ပါဘဲ”
ခြံစောင့်သည် ကိုမောင်မောင်ဦးအား ဆန်းကြယ်သလို ကြည့်သည်။ ကိုမောင်မောင်ဦးက သူ့စကား ကို သူ့ဘာသာ သဘောကျသွားသလို ရယ်ချလိုက် သည်။
“ကဲဗျာ၊ ခင်ဗျားကို ဒုက္ခမပေးချင်တော့ပါဘူး။ ကျုပ်လက်ကိုလွှတ်ပါ။ ကျုပ်သွားပါရစေတော့” ခြံစောင့်သည် ဘာပြောရမှန်းမသိတတ်တော့ သလိုရှိသည်။ ကိုမောင်မောင်ဦးလက်ကို လွှတ်ပေးလိုက်သည်။
ကိုမောင်မောင်ဦး နောက်သို့ လှည့်လိုက်သည်။ တစ်လှမ်းနှစ်လှမ်း လျှောက်သွားသည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရသလို ပြန်လှည့်လာသည်။
“ဪ၊ တစ်ခုတော့မှာရဦးမယ်။ မနက်ကျရင် ခင်ခင်ကြီးကိုပြောလိုက်စမ်းပါ။ ညက မောင်မောင်ဦး ဆိုတဲ့လူတစ်ယောက် ရေနံ့သာကိုရောက်လာတယ် ဆိုတဲ့အကြောင်း”
ထိုနောက် ကိုမောင်မောင်ဦးသည် ခေါင်းငိုက်စိုက်ချကာ လာလမ်းအတိုင်း ပြန်လျှောက်လာခဲ့သည်။
ရေနံ့သာ၏ခြံစောင့်သည် ကျောခိုင်းထွက်ခွာသွားသော ကိုမောင်မောင်ဦးကို စူးစိုက်ကြည့်ရင်း ကျန်ရစ်သည်။ သူသည် စိတ်လှုပ်ရှားနေရသည်။ ဆန်းကြယ်မှုကို ခံစားနေရသည်။
ရေနံ့သာ၌ ခြံစောင့်အဖြစ် စတင်အမှုထမ်းကတည်းက သည်အဖြစ်မျိုး မကြုံဖူးခဲ့။ အကယ်၍ သူခိုး၊ ဓားပြများနှင့် ဆုံရလျှင်ပင် သည်အထိ စိတ်လှုပ်ရှားရမည်မထင်။ သူ၏စိတ်တွင် သစ္ဆေ၊ သရဲ အခြောက်ခံရသည့်နှယ် ဖြစ်သည်။
စင်စစ် ထိုညက ရေနံ့သာ၌ တကယ်တမ်း တစ္ဆေ ခြောက်ခဲ့သည့်အဖြစ်ကို ဒေါ်ရေနံ့သာခင်ခင်ကြီး ကိုယ်တိုင်ကလွဲ၍ အခြားသူတို့ သိစွမ်းနိုင်ခြင်းမရှိ ကြပါပေ။