ရန်ကုန်   ဧပြီ   ၅

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စုတတိယနေ့ကို ဧပြီ ၄ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက်  ကျင်းပရာ မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့် တစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာအသင်းသည် ဆီမီးဖိုင်နယ်တက်ရောက်ရေးအတွက် အရေးပါသည့် ဗီယက်နမ်နှင့်ပွဲတွင် သရေ တစ်မှတ်ရယူနိုင်ခဲ့သဖြင့် မျှော်လင့်ချက်ရှိနေဆဲဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုအဖွင့် နှစ်ပွဲ ဆက်တိုက် အသင်းကြီးများနှင့် တွေ့ဆုံနေခြင်းဖြစ်ပြီး ပထမပွဲတွင် ဗီယက်နမ်ကို သရေကစားနိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ပထမပိုင်းတွင် တစ်ဂိုးဖြင့် အရေးနိမ့်နေသော်လည်း ဒုတိယပိုင်းတွင် ဂိုးပြန်သွင်းနိုင်သဖြင့် သရေကျခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ချေပဂိုးကို ၂၇ မိနစ်တွင် မျိုးမြင့်စိုးက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးကစားသမားဆုကို မြန်မာအသင်းအတွက် ချေပဂိုးသွင်းယူခဲ့သည့် မျိုးမြင့်စိုးက ရရှိသည်။ ဧပြီ ၄ ရက်က ကစားသည့် အခြားအုပ်စုပွဲများတွင် သြစတြေးလျက တီမောကို ခုနစ်ဂိုး-လေးဂိုး၊ အင်ဒိုနီးရှားက မလေးရှားကို ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ကမ္ဘောဒီးယားနှင့် ဘရူနိုင်းအသင်းတို့ နှစ်ဂိုးစီ သရေကျခဲ့သည်။

မြန်မာအသင်းသည် အုပ်စုဒုတိယပွဲအဖြစ် ဧပြီ ၅ ရက် (ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် သြစတြေးလျအသင်းနှင့် ကစားရမည်ဖြစ်သည်။ ဧပြီ ၅ ရက်တွင် အခြားပွဲများအဖြစ် မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲတွင် တီမောနှင့် ဗီယက်နမ်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် မလေးရှားနှင့် ဘရူနိုင်း၊ မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲတွင် အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစား မည်ဖြစ်သည်။

ရဲရင့်လွင်

ဓာတ်ပုံ-AFF