စစ်တွေ   ဧပြီ   ၆

၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် တော် ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်    မကျည်းကျေးရွာ မကျည်းကျွန်းမြောက်ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

အခမ်းအနားသို့    သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးနှင့် ဆရာတော် အရှင်သူမြတ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်လူမှုရေးရာ ဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ တံဆိပ်တော်ရ ရမ်းဗြဲမြို့နယ် မကျည်းကျေးရွာ  မကျည်းကျွန်း မြောက်ဘုန်းတော်ကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသာသန မဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော  ဧည့်ပရိသတ် များက    ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်ကြီးထံမှ ဩဝါဒ ကထာ နာကြားကြသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်အေးနုစိန်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ  ဘွဲ့တံဆိပ်တော်ရ မကျည်းကျေးရွာ မကျည်းကျွန်းမြောက်ဘုန်းတော် ကြီးကျောင်းတိုက်ဆရာတော်   မဟာဂန္ထဝါစက ပဏ္ဍိတ  ဘဒ္ဒန္တသာသနအား   ဘွဲ့တံဆိပ်တော်၊ အဆောင်အယောင်များနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်းက အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော် ရရှိခြင်းအတွက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းပြီး ပြည်နယ်လူမှု ရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ်တို့က ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲသို့ ကြွရောက်တော်မူကြသော တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက    ဘဒ္ဒန္တ ဣန္ဒပါလနှင့် သံဃာတော်  အရှင်သူမြတ် များအား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြသည်။

 

 ဆက်လက်၍ တိပိဋကဓရဓမ္မဘဏ္ဍာဂါရိက ဘွဲ့တံဆိပ်တော်ရ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ် တိပိဋကပုလဲရောင်ရှိန် စာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဣန္ဒပါလမဟာထေရ်မြတ်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန် အမှူးပြုသော ဧည့်ပရိသတ်များက   အနုမောဒနာ တရားနာယူကြပြီး လှူဒါန်းမှုအစုစုအတွက်  ရေစက်သွန်းချ အမျှပေးဝေကြကာ သံဃာတော်အရှင်သူမြတ်များ အား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

 

မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်အေးနုစိန်သည် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မကျည်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းခွဲသို့  ရောက်ရှိပြီး  ကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်း အကျိုးတော်ဆောင်အဖွဲ့များနှင့် တွေ့ဆုံ၍ ကျောင်းအတွက် လိုအပ်သည်များကို    တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်