ရန်ကုန်   ဧပြီ   ၇

၂၀၂၂ အာဆီယံ ဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲ အုပ်စု နောက်ဆုံးနေ့ကို ဧပြီ ၆ ရက်က ထိုင်းနိုင်ငံ၌ ဆက်လက် ကျင်းပရာ မြန်မာအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။

အုပ်စုနောက်ဆုံးနေ့တွင် မြန်မာက တီမောကို ၁၀ ဂိုး -သုံးဂိုး၊ ဗီယက်နမ်ကဩစတြေးလျကို ငါးဂိုး-တစ်ဂိုး၊ အင်ဒိုနီးရှားက ကမ္ဘောဒီးယားကို ၁၁ ဂိုး-နှစ်ဂိုး၊ ထိုင်းက မလေးရှားကို လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အုပ်စု(ခ) ပထမနေရာအတွက် မြန်မာနှင့် ဗီယက်နမ်တို့အပြိုင်ဖြစ်နေသလို နှစ်သင်း စလုံး ရှစ်ဂိုးပြတ်အနိုင်ရသော်လည်း မြန်မာအသင်းက သွင်းဂိုးပိုများခဲ့သဖြင့် အုပ်စုပထမနေရာ ရယူ နိုင်ခဲ့ခြင်းဖြစ်သည်။ ပထမဆုံးကစားသည့်ပွဲတွင် ဗီယက်နမ်က ဩစတြေးလျကို ငါးဂိုး-တစ်ဂိုး အနိုင်ရ ခဲ့သဖြင့် မြန်မာအသင်းသည် တီမောနှင့်ပွဲတွင် အနိုင်ရလဒ်အပြင် ဂိုးပြတ်သွင်းယူနိုင်ရန်ပါ ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။ မြန်မာအသင်းအတွက် ဂိုးများကို လှိုင်မင်းထွန်းက လေးဂိုး၊ မျိုးသက်အောင်က သုံးဂိုး၊ သိုင်းဘွဲ့အောင်၊ မျိုးမြင့်စိုးနှင့် ဝေဇင်ဦးတို့က တစ်ဂိုးစီသွင်းယူခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်း မှာပင် ခုနစ်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရနေပြီး ဒုတိယပိုင်းတွင် သုံးဂိုး ထပ်မံသွင်းယူခဲ့ခြင်းဖြစ်သည်။

အုပ်စုပွဲစဉ်များအပြီးတွင် အုပ်စု(က)၌ ထိုင်းနှင့် အင်ဒိုနီးရှားတို့ ရမှတ် ၁၀ မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်ဖြင့် ထိုင်းအသင်းက အုပ်စုပထမ၊ အင်ဒိုနီးရှားအသင်းက အုပ်စုဒုတိယ၊ အုပ်စု(ခ)၌ မြန်မာနှင့် ဗီယက်နမ်အသင်းတို့ ရမှတ် ခုနစ်မှတ်စီ တူညီခဲ့သော်လည်း ဂိုးကွာခြားချက်ဖြင့် မြန်မာ အသင်းက အုပ်စုပထမ၊ ဗီယက်နမ်အသင်းက အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ်တက်ရောက်ခဲ့သည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဧပြီ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနှင့် အင်ဒိုနီးရှား၊ ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ တွေ့ဆုံနေသည်။

ကိုညီလေး