မိုင်းရယ် ဧပြီ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရေးအတွက် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် ခြောက်လဘတ်ဂျက်တွင် ပြည်ထောင်စုနှင့် ပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၇၇ ဒသမ ၁၈၈ သန်း အသုံးပြု၍ ကျေးရွာငါးရွာ၌ ရေပေးရေးလုပ်ငန်းငါးခုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

မိုင်းရယ်မြို့နယ်အတွင်းရှိ ကြူဝင်းကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလန် ၃၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ မိုင်းကောင်းကျေးရွာတွင် အရှည် ၁ မိုင် ၄ ဖာလုံ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန် တည်ဆောက်ခြင်း၊ နမ့်ဟူးကျေးရွာတွင် ဂါလန် ၅၀၀၀ ဆံ့ ရေစုတည်ဆောက်ခြင်း၊ ကောင်းအိုင်ကျေးရွာတွင် အရှည် ၁ မိုင် ၁ ဖာလုံ စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလန် ၃၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ နမ့်မော်ဆွမ့်ကျေးရွာတွင် အရှည် ၂ မိုင် စိမ့်စမ်းရေသွယ်တန်းခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေစုကန်တည်ဆောက်ခြင်း စုစုပေါင်း ရေပေးရေးလုပ်ငန်းငါးခုတို့ကို ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၅၂ ဒသမ ၉၃၇ ကျပ်သန်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၂၅၁ သန်းတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ပြောသည်။

 

အဆိုပါကျေးရွာငါးရွာ၌ ရေပေးရေးနှင့် ဆက်စပ်လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် ကျေးရွာများရှိ အိမ်ခြေ(၃၆၃)၊ လူဦးရေ(၁၆၀၇)ဦးတို့၏ လူနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ၏ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။

 

စိုးမိုးကျော်