မြိတ် ဧပြီ ၇

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု၌ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ရင်းနှီးမြှုပ်နှံမည့် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးတစ်ခုကို တည်ဆောက်ရန် တင်ပြထားခဲ့ရာ ယခုအခါ ခွင့်ပြုချက်ရရှိပြီးဖြစ်သောကြောင့် ၂၀၂၈ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းကို အဓိကစီးပွားရေး လုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်ကြပြီး မြန်မာ့ရေထွက်ကုန်ပစ္စည်းများကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့ ရောင်းချနေရသည့်အတွက် မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ငါးဈေးကွက်တစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

“စီမံကိန်းကို ၂၀၂၈ ခုနှစ် အပြီးတည်ဆောက်သွားလို့ ပြောကြားထားပါတယ်။ စီမံကိန်းစတင်တဲ့အချိန်မှာ အလုပ်အကိုင်အခွင့်အလမ်းများ သောင်းချီဖန်တီးပေးနိုင်မှာဖြစ်သလို လုပ်ငန်းလည်ပတ်တဲ့အခါမှာလည်း ငါးဈေးကွက်နဲ့ ဆက်စပ်တဲ့အလုပ်အကိုင် အများအပြားရရှိနိုင်မှာ ဖြစ်ပါတယ်” ဟု မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက ပြောသည်။

 

အဆိုပါစီမံကိန်းအား လုပ်ငန်းကာလ(၇)နှစ် သတ်မှတ်ထားပြီး တည်ဆောက်ရေးလုပ်ငန်း စတင်သည့်အချိန်မှစ၍ အလုပ်အကိုင်အခွင့်အလမ်း သောင်းနှင့်ချီကာ ရရှိမည်ဖြစ်ကြောင်းနှင့် စီမံကိန်းကို အပိုင်း(၄)ပိုင်းခွဲထားပြီး ငါးတင်/ငါးချဆိပ်ကမ်း၊ အအေးခန်းများ၊ ကုန်ကြမ်းများအား အချောထည်လုပ်မည့် စက်ရုံများ၊ လူနေအိမ်ရာများ၊ ဆက်စပ်နေရာများ၊ စီမံကိန်းအတွက် ထပ်မံတိုးချဲ့မည့်နေရာများ ပါဝင်မည်ဖြစ်ကြောင်း မြိတ်အများပိုင်ကော်ပိုရေးရှင်းမှ ဒါရိုက်တာတစ်ဦးက ပြောသည်။

 

၂၀၁၉-၂၀၂၀ ခုနှစ်မှာ တနင်္သာရီတိုင်းဒေသကြီးအနေနဲ့ ရေထွက်ကုန်ပစ္စည်းတန်ချိန် (၃)သိန်းကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၄၇ ဒသမ ၅၁ သန်း ရရှိခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

နိုင်ငံတကာအဆင့်မီ ငါးလေလံစီမံကိန်းတာဝန်ခံ ဦးဟန်ထူးအောင်က “ဒီစီမံကိန်းကို အခုလူကြီးကလည်း ခွင့်ပြုပေးထားတယ်။ အစိုးရပိုင်းဆိုင်ရာ ဝန်ကြီးဌာနတွေကလည်း အမြန်ဆုံးဆောင်ရွက်ပေးနိုင်မယ် ဆိုရင်တော့ ကျနော်တို့က ၂၀၂၂ နှစ် ကုန်ပိုင်းလောက်မှာ စနိုင်မယ့် သဘောရှိပါတယ်။ မိုးတွင်းမှာတော့ ကျနော်တို့လုပ်ငန်းစဖို့ ဘယ်လိုမှ အဆင်မပြေသလို မိုးတွင်းမှာလည်း ဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့ လုံးဝမရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ မိုးတွင်းကျတော့ အဲဒီနေရာတွေက ဝင်ရထွက်ရခက်သလို နောက်ပြီး ရေထဲမှာလုပ်ရမယ့် လုပ်ငန်းဖြစ်တဲ့အတွက် မိုးတွင်းမှာ အလုပ်လုပ်ရတာ ပိုပြီးတော့အခက်အခဲရှိပါတယ်” ဟု ပြောသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ငါးလေလံဈေးကြီးကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဆိုပါက ထိုင်းနိုင်ငံ၏ ရေလုပ်ငန်းကဏ္ဍများတွင် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ ကိုယ့်နိုင်ငံသို့ ပြန်လာနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)