ပဲခူး ဧပြီ ၇

 

နွေရာသီအခြေခံ အားကစားသင်တန်းများကို ဖွင့်လှစ်ခြင်းဖြင့် လူငယ်/မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓာတ် ပိုမိုမြင့်မားလာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း ဧပြီ ၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အားကစားခန်းမ၌ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ၂၀၂၂ ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်း၊ သင်တန်းဆင်းပွဲအခမ်းအနား၌ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က  နွေရာသီ အားကစားသင်တန်းများမှတစ်ဆင့် အောင်မြင်မှု အလားအလာရှိသော ရွက်ပုန်းသီး မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပြီး နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင် လေ့ကျင့်ပေးသွားရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် နွေရာသီ ကျောင်းပိတ်ရက်ရှည်များတွင် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အားကစားနည်းအလိုက် သင်တန်းနည်းပြ ဆရာ/ ဆရာမများအား ဂုဏ်ပြုချီးမြှင့်ငွေများ ထောက်ပံ့ပေးအပ်ပြီး တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းသား ကိုယ်စားလှယ်များအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

 

ယင်းနောက် ကရာတေးဒို၊ မြန်မာ့သိုင်း၊ Fitness Dance သင်တန်းသားအား ကစားသမားများက အားကစားနည်းအလိုက် သရုပ်ပြသကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတို့၌ အေးချမ်းတည်ငြိမ်စွာ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုနေကြသည့် ကျောင်းသား/ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်