ရန်ကုန် ဧပြီ ၇
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်)၊ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ နံနက်ပိုင်းတွင် ဗဟန်းမြို့နယ် ရွှေတောင်ကြား ၁ ရပ်ကွက်ရှိ ကမ္ဘောဇရိပ်သာ လမ်းတစ်လျှောက် မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ လမ်းဘေး ဝဲ၊ယာ မြက်ချုံနွယ်များ ရှင်းလင်းနေမှု၊ ရေမြောင်းများအတွင်းမှ အမှိုက်၊ သဲ၊ ခဲများ ရှင်းလင်းနေမှု၊ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ မြေအောက်မြောင်းများနှင့် Culvert များ အတွင်းရှိ အမှိုက်နှင့် နုန်းများ ဆယ်ယူရှင်းလင်းနေမှု၊ အနုပညာဦးစီးဌာနဝင်းအတွင်း ဖြတ်သန်းစီးဆင်းသည့် မြေအောက်မြောင်းနှင့် ပတ်ဝန်းကျင်ရေမြောင်းများမှ ရေဝင်ရောက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး အင်းလျားကန်အတွင်းသို့ သန့်စင်သောရေများ ဝင်ရောက်မှုကောင်းမွန်စေရေးနှင့် ရပ်ကွက်အတွင်း ရေကြီးရေလျှံမှု မဖြစ်စေရေးအတွက် မြေအောက်မြောင်းများ၊ ရပ်ကွက်နေအိမ်များမှ စီးဝင်သည့် ရေမြောင်းများအတွင်း အမှိုက်များ ပိတ်ဆို့မှုမဖြစ်စေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် တက္ကသိုလ်ရိပ်သာလမ်းထောင့်နှင့် ကမ္ဘာအေးဘုရားလမ်းထောင့်ရှိ ကုက္ကိုင်းပန်းခြံအတွင်း ပန်းဥယျဉ်နှင့်အားကစားကွင်းများဌာနမှ စိမ်းလန်းစိုပြေရေး ဆောင်ရွက်နေမှုနှင့် အင်းလျားကန် ရေဝင်ပေါက် ရေမြောင်းနှင့် နုန်းဖယ် ကန်များအတွင်း ရေစီးရေလာ အခြေအနေများကို လည်းကောင်း၊ တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်ယားမြိုင်လမ်းထောင့်ရှိ အင်းလျားကန်ရေဝင်ပေါက် ရေစစ်ကန်အတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ အမှိုက်များ ဆယ်ယူရှင်းလင်းနေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်